ဒီအမျိုးသမီးလက်သန်းလေး ရောင်တာဟာ တီဘီပိုးကြောင့်တဲ့
အပေါ်မှာပြထားတဲ့ပုံထဲက အမျိုးသမီးရဲ့လက်သန်းလေး ရောင်နေတာဟာ တီဘီပိုးရဲ့ ရှားရှားပါးပါး လက္ခဏာတစ်ရပ်ပါပဲတဲ့။
ပုံမှန်ဆိုရင် လက်သန်းရောင်နေတာဟာ ထိမိခိုက်မိလို့ ဖြစ်တာများတယ်။ ဒါပေမဲ့ ကယ်လီဖိုးနိးယားက ၄၂ နှစ်အရွယ် ဒီအမျိုးသမီးဟာ လက်သန်းလေး ရောင်နေတာ တစ်ပတ်ရှိပြီမို့ ဆရာဝန်နဲ့ လာပြပါသတဲ့။ လက်ကိုလည်း လုံးဝထိခိုက်မိတာမျိုး မရှိဘူးတဲ့။
ဓာတ်မှန်တွေ၊ CT ဓာတ်မှန်တွေ ရိုက်ကြည့်တော့ လက်သန်းအသားတွေ ရောင်နေပေမယ့် အရိုးကို ထိခိုက်မှုမရှိတာ တွေ့ရတယ်။
ဒီတစ်သျှူးတွေကို အသားစယူ စစ်ဆေးကြည့်ရာမှာတော့ တီဘီဖြစ်စေတဲ့ ဘက်တီးရီးယား Mycobacterium tuberculosisကို တွေ့ရတော့တယ်။ မှတ်တမ်းတွေအရ ဆိုရင်တော့ ဒီအမျိုသမီးဟာ အရေပြားလေးဖက်နာရှိလို့ ခုခံအားနည်းစေတဲ့ဆေးတွေ သောက်နေရတာကို တွေ့ရတယ်။ ဒါကြောင့်လည်း တီဘီလိုရောဂါပိုးတွေကို ပိုပြီးဖြစ်နိုင်ခြေ ပိုများလာတာပါ။
တီဘီ ဘက်တီးရီးယားတွေဟာ လေထဲကနေ ကူးစက်တတ်ပြီး အထူးသဖြင့် အဆုတ်ကို ထိခိုက်တာ များတယ်။ ဒါပေမဲ့လည်း ကျောက်ကပ်၊ ကျောရိုးဆစ်၊ ဦးနှောက် စသဖြင့် တခြားနေရာစုံကိုလည်း ထိခိုက်နိုင်တယ်။
ဒီလို လက်သန်းမှာဖြစ်တာမျိုးကတော့ ရှားရှားပါးပါး အဆုတ်ပြင်ပ ရောဂါကူးစက်မှုမျိုးပါပဲ။ ခုခံအားကျနေတဲ့လူတွေမှာ ထည့်စဉ်းစားပေးဖို့ လိုတယ်နော်။
လက်သန်းကို ပိုး ဘယ်လိုကူးသွားတယ် ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ လိုက်ပြီး စုံစမ်းကြည့်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူဟာ တရုတ်ပြည်ကို မကြာခင်ကမှ သွားထားပြီး ချောင်းဆိုးလာပါသတဲ့။ စစ်ကြည့်လိုက်တဲ့အခါ တီဘီပိုးကို တွေ့ပါတော့တယ်။
ဒီအမျိုးသမီးဟာ တီဘီဆေးတွေ အများကြီးကို ၉ လလောက် သောက်လိုက်ရပြီး ရောဂါ လုံးလုံးပျောက်သွားပါတော့တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















