/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒုက္ခပေးတတ်သော-အသီးစိမ်ရည်-detox-water

ဒုက္ခပေးတတ်သော အသီးစိမ်ရည် (Detox Water)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          " တစ်ကိုယ်လုံးလည်း ... နုံးချိနေပြီး ပင်ပန်းလိုက်တာ ... နောက်တစ်ခါ Detox ဆိုရင် ကြောက်ပါပြီ ... အစ်မရေ ... ငါ့ကို စောင် လာခြုံပေးဦး "

          အိပ်ရာထဲကနေ မထနိုင်ဘဲ ကွေးကွေးလေး ခွေနေသော မလဲ့။ ပျော့ဖတ်နေတဲ့လက်တွေကို တစ်ဖက်နဲ့တစ်ဖက် နွေးနေအောင် ပွတ်ရင်း အားနည်းကာ သာခွေယိုင် ဖြစ်နေရှာသူ။

          " ဗိုက်ကလည်း စူလိုက်တာ ... နည်းနည်းလေး ချပ်သွားရင်ကောင်းမယ် "

          မှန်ရှေ့မှာရပ်ရင်း အသက်သုံးဆယ်ကျော် ခပ်ဖိုင့်ဖိုင့်ခန္ဓာကို စိတ်တိုင်းမကျ ဖြစ်နေမိတာ အခါခါ။ ခါးလေးတုတ်ပြီး ဗိုက်ထွက်လာတော့ ဝတ်ချင်သော ခေတ်စားနေတဲ့ ခါးတိုလေးတွေ ဝတ်လို့မရသော မလဲ့။

          ဖေ့ဘုတ်ပွတ်ရင်း အသီးစိမ်ရေ Detox water တွေအကြောင်း ဖတ်မိသည်။ အဆီကျ အသားကျစ်လာပြီး အသားအရေပါ လှလာစေသတဲ့။

          ချက်ချင်းပဲ ဖန်ကရားအဟောင်းလေး တစ်လုံးကို ပွတ်သတ်ဆေးကာ သခွားသီး၊ မုန်လာဥနီတို့ကို လှီးထည့်သည်။ သံပရာစိတ်လေးပါ လှီးထည့်သည်။

          ရေမြုပ်အောင်ထည့်ကာ ရေခဲသေတ္တာထဲ တစ်ည သိပ်လိုက်တယ်။ နောက်ရက် သောက်ဖို့ ဖွင့်လိုက်တော့ အသီးစိမ်ရေလေးက မွှေးကြိုင်ကာ အေးစိမ့်ကာ သောက်လို့ကောင်းနေသည်။

          သူမ နေ့ရော ညရော သောက်သည်။ ရေဖြည့်ကာ သုံးလေးရက် သောက်လို့ရသည်လို့ ဆိုထားတော့ ရေသန့်လေး ထပ်ထပ်ဖြည့်ကာ အားရပါးရ သောက်လေသည်။ အစားစားချင်စိတ် နည်းသွားသည်။ ဗိုက်ပြည့်လွယ်သည်။ လူလည်း နေကောင်းလာသလိုလို။

          ပြဿနာက သုံးရက်မြောက်နေ့မှာ စသည်။ ဝမ်းသွားတာတွေ စပျော့လာသည်။ ဗိုက်နည်းနည်းရစ်ကာ မကြာခဏ သွားလေသည်။ ထို့နောက်တွင်တော့ စတင်ပျို့ချင်လာသည်။ အသီးစိမ်ရေ သောက်တာကို ရပ်ပစ်လိုက်သည်။ ထို့်နောက် အိမ်သာဝင်လိုက်တိုင်း တဗွမ်းဗွမ်း အရည်တွေချည်း ဆက်တိုက်သွားလေတော့သည်။

          သူမ ဘာလုပ်ရရမှန်းမသိ။ ဓာတ်ဆားရည်သုံးဘူး ကုန်ပြီ။ နှစ်ရက်မြောက်နေ့ မသက်သာ။ ညတွေပါ ဆယ်ကြိမ်ခန့် သွားသည်။ ဝမ်းပိတ်ဆေး ဝယ်သောက်သော်လည်း မသက်သာ။ သွားမြဲသာ။

          မနေနိုင်တဲ့အဆုံး ဆရာဝန်ဆီ ပြေးရတော့သည်။ ဘိုင်အိုဖလော အထုပ်နှစ်ထုပ်နှင့် သောက်ဆေးများ ကူကာမှ ၀မ်းရပ်သွားလေတော့သည်။

 

*****************************************************************************

 

          ကိုယ်တွင်း အဆိပ်ထုတ်ကုထုံးဖြစ်တဲ့ အသီးစိမ်ရည်တွေ ခေတ်စားလာတော့ အဲဒါနဲ့ ပတ်သက်တဲ့ အန္တရာယ်လေးတွေ သိချင်ကြမလားလို့။ ကောင်းတာချည်းမဟုတ်ဘဲ အဆိုးတွေပါ သတိပြုမိကြစေဖို့ပါ။

          အသီးစိမ်ရည် သို့မဟုတ် Detox အရည်တို့ ပြင်ဆင်မယ်ဆို ဒါတွေ သတိထားရအောင် …

●        မိမိအသုံးပြုမယ့် ဖန်ကရားဘူး စသည်ကို သေချာစွာ ဆေးကြော၍ အခြောက်ခံ လေသလပ် ခြောက်သွေ့ပါစေ။

●        မသန့်ရှင်းသောဘူးတွေ ထည့်သိုပစ္စည်းတွေကို ဖုံးအုပ်ထားပြီး နေ့စဉ်သောက်သုံးတဲ့အခါ အလွန်အန္တရာယ်များတဲ့ အစာအဆိပ်သင့် ပိုးတစ်မျိုး ပေါက်ပွားလာပြီး အကြီးအကျယ် ဝမ်းလျှောတာ၊ အန်တာတွေ ဖြစ်စေပါတယ်။

●        ၄၈ နာရီထက် ပိုမထားပါနဲ့။ အသီးတွေက ဈေးလည်းမကြီးတာမို့ သွန်ပစ်ပြီး အသစ်ပြန်လုပ်ပါ။

●        အဆိပ်ထုတ်ရည် သောက်နေစဉ်အတွင်း ဘာမှမစားဖြစ်တာ မှားပါတယ်။ အထူးသဖြင့် သံပရာသီး ပါဝင်တဲ့အရည်တွေဟာ ပျို့အန်တာ၊ ဗိုက်ပွတာတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရဲ့ အစာစုပ်ယူမှုပုံစံကို မမှန်မကန် ဖြစ်စေပါတယ်။

●        အမျှင်ဓာတ်ပါဝင်ပြီး အာဟာရ ပြည့်ဝတာတွေ ရွေးချယ်စားပါ။ ထမင်းခါတိုင်းစားနေကျ ဆက်စားပါ။

●        ရုတ်တရက် စားနေကျတွေကို အကုန်ဖြတ်ချလိုက်ပြီး အသီးစိမ်ရည်ကို တောက်လျှောက် အစားထိုး သောက်တာမျိုး ရှောင်ကြဉ်ပါ။

●        စားနေကျအစား ဆက်စားနေရင်း တဖြည်းဖြည်းချင်း တစ်ရက်ကို တစ်ခွက်ကနေ နှစ်ခွက်နှုန်းကနေ စသောက်သုံးကြည့်ပါ။

●        ဝမ်းလျှောလာတဲ့အခါ ရပ်လိုက်ပြီး ထမင်း၊ ပေါင်မုန့် စသည့် အစာမာကို များများပါဝင်အောင် ပြန်လည်ဖြည့်သွင်း စားသုံးပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)