ဒူးဆစ်များရောင်နေခြင်းကို ဘယ်လိုကုသမလဲ
ဒူးနာခြင်းကြောင့် နေ့စဉ်ပြုလုပ်နေကျ လှုပ်ရှားမှုတွေကို ထိခိုက်စေတဲ့အပြင် ပျော်ရွှင်ဖွယ်အချိန်များကို ဆုံးရှုံးစေတာ အမှန်ပဲဖြစ်ပါတယ်။
ဒူးခေါင်းဟာ ခြေထောက်တစ်ခုလုံးရဲ့ အလယ်ဗဟိုတွင်ရှိပြီး ပေါင်နှင့်ခြေသလုံးတို့ရဲ့ တွယ်ဆက်ရာနေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ထိုနေရာများတွင် ထိခိုက်မှုဖြစ်ပေါ်ပါက ဒူးနာခြင်း၊ ရောင်ခြင်း၊ ဖောင်းလာခြင်း၊ ဒူးခေါင်းလှုပ်ရှားလို့မရခြင်းတို့ ဖြစ်ပေါ်စေပါတယ်။
>> ဘာကြောင့်ဖြစ်ရသလဲ?
ဒူးနာစေတဲ့ အကြောင်းအရင်းတွေကတော့ -
● ထိခိုက်ဒဏ်ရာ (ချော်လဲခြင်း၊ ထိခိုက်မိခြင်း၊ ကားအက်ဆီးဒင့်)
● ဒူးဆစ် အသုံးပြုမှုများခြင်း (အားကစားသမားများ၊ အလုပ်ကြမ်းလုပ်သူများ)
● လေးဖက်နာကြောင့် အဆစ်ရောင်ခြင်းကဲ့သို့ ဒူးကို ထိခိုက်စေသောရောဂါများ
Jointace 1
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဒူးခေါင်းတွင် အရည်များ စုစည်းလာခြင်းကြောင့် ဒူးခေါင်းတွင် ဖောင်းလာရခြင်း ဖြစ်ပါတယ်။ အရည်ပမာဏ အနည်းအများကတော့ ဖြစ်စေသောအကြောင်းအရာပေါ် မူတည်ပါတယ်။
(၁) ဒဏ်ရာရခြင်း
ဒဏ်ရာကြောင့်ဆိုပါက ဒူးတစ်ဝိုက် ဖောင်းလာခြင်းဟာ သွေးများစုဝေးလာခြင်းကြောင့် ဖြစ်နိုင်ပြီး ချက်ချင်းကုသမှုခံယူရန် လိုအပ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ပေါ် မူတည်ပြီး သွေးခြေဥခြင်းလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။
(၂) ဒူးဆစ်ကို အသုံးပြုမှုများခြင်း
တံခေါက်ကွေး အသုံးပြုမှုများခြင်းကြောင့် အတွင်းရှိလေအိတ်များ ဖောင်းလာတတ်ပါတယ်။ သင်ဟာ အလုပ်သဘောအရသော်လည်းကောင်း၊ အားကစား နေ့စဉ်ပြုလုပ်ခြင်းကြောင့်သော်လည်းကောင်း ဒူးလှုပ်ရှားမှုကို အကြိမ်များစွာ ပြုလုပ်ရပါက လေအိတ်များကို ထိခိုက်ရောင်ရမ်းစေနိုင်ပါတယ်။
(၃) ရောဂါများကြောင့်
Hemophilia သွေးရောဂါကြောင့်ဖြစ်စေ၊ လေးဖက်နာ အဆစ်ရောင်ခြင်းကြောင့်ဖြစ်စေ ဒူးခေါင်းတစ်ဝိုက် ရောင်ရမ်းပြီး ဖောင်းလာစေပါတယ်။
Jointace 2
>> ရောဂါလက္ခဏာများ
● ဒူးခေါင်းတစ်ဖက်ဟာ ပိုကြီးနေခြင်း
● ဒူးအကွေးအဆန့်ပြုလုပ်မရခြင်း
● မတ်တပ်ရပ်ခြင်းနှင့် လှုပ်ရှားမှုပြုလုပ်ရာတွင် ဒူးနာခြင်း
● ဒူးခေါင်းတစ်ဝိုက် နီရဲပြီး သွေးခြေဥနေခြင်း
>> ကုသနည်းများ
● သိပ်မပြင်းထန်သော ဒူးရောင်ခြင်းများအား အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ ဒူးခေါင်းအစွပ် အသုံးပြုခြင်းနှင့် ခြေထောက်ကို မြှင့်ထားခြင်း စသော အိမ်တွင်းနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
● အဝလွန်နေသူများအနေနှင့် ကိုယ်အလေးချိန်ကျဖို့ ကြိုးစားသင့်ပါတယ်။
● တကယ်လို့ အိမ်တွင်းနည်းလမ်းများနှင့် မသက်သာပါက ဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပါတယ်။
● ပြင်းထန်သောနာကျင်ခြင်း၊ ဒူးတစ်ဝိုက် ရုတ်တရက်ရောင်လာခြင်း၊ ဒဏ်ရာရစဉ်မှာ ဂျွတ်ခနဲအသံမြည်ခြင်း၊ ပြင်းထန်သောထိခိုက်မှုဖြစ်ပေါ်ခြင်း စတဲ့ အခြေအနေများ ဖြစ်ပေါ်ပါကလည်း ဆေးရုံသို့ အလျင်အမြန် သွားရောက်ဖို့ လိုအပ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















