/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒူးရင်းသီးကြိုက်သူများ-သိထားသင့်တဲ့-ကောင်းကျိုး-ဆိုးကျိုးများ

ဒူးရင်းသီးကြိုက်သူများ သိထားသင့်တဲ့ ကောင်းကျိုး ဆိုးကျိုးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာကြီးနှစ်ခြမ်းကွဲရင်တောင် ဒူးရင်းသီးရှိတဲ့ အခြမ်းမှာပဲ နေမယ်ဆိုသူတွေ ရှိကြပါသလား။ ခုချိန်ဟာ ဒူးရင်းသီးရာသီဖြစ်တဲ့အတွက် ဒူးရင်းသီးချစ်သူများအတွက်တော့ စိတ်ထဲရှိတိုင်း စားသောက်နေနိုင်တဲ့အချိန် ဖြစ်ပါတယ်။ အချို့နိုင်ငံတွေမှာတော့ ဒူးရင်းသီးကို အသီးဘုရင် Super fruit လို့တောင် တင်စားကြပါသေးတယ်။ ဒါဆိုရင် ဒူးရင်းသီးကနေ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်။

» ဒူးရင်းသီးက ပေးသော ကျန်းမာရေး ကောင်းကျိုးများ
၁။ ကျန်းမာရေးနှင့် ညီညွတ်သော အဆီများ ပြည့်ဝနေတယ်
ဒူးရင်းသီးစားခြင်းဖြင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ဖြစ်စေသော မကောင်းတဲ့ အဆီတွေကို လျော့နည်းစေပါတယ်။

၂။ စိတ်ပျော်ရွှင်စေပြီး ကောင်းစွာ အိပ်စက်စေပါတယ်
ဒူးရင်းသီးမှာပါဝင်တဲ့ Tryptophan ဟာ စိတ်ပျော်ရွှင်စေပြီး အိပ်ပျော်စေဖို့ ကူညီပေးတဲ့ Serotonin ဟော်မုန်းကို ထုတ်လုပ်ရာတွင် ကူညီပေးပါတယ်။ ဒါကြောင့် ညဘက် ကောင်းကောင်း အိပ်ပျော်စေပါတယ်။

၃။ ကိုယ်ခံအား ကောင်းစေတယ်
ဒူးရင်းသီးမှာ ဗီတာမင် C ပါဝင်တယ်ဆိုတာ သိကြပါသလား။ ကိုယ်ခံအားကောင်းစေပြီး အအေးမိတုတ်ကွေးရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ သွေးပေါင်ကို ထိန်းညှိပေးတယ်
ပိုတက်ဆီယမ်ကြွယ်ဝသော အသီးဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရှိ ဆားဓာတ်နှင့် အရည်ဓာတ်ကို မျှတစေတာမို့ သွေးပေါင်ကို ထိန်းပေးနိုင်ပါတယ်။ နောက်ဆက်တွဲ နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

၅။ အစာကြေစေတယ်
ဒူးရင်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့အတွက် အစာကြေစေပြီး ဝမ်းမှန်စေပါလိမ့်မယ်။ ထို့ပြင် ဗီတာမင် B1 နှင့် B3 ပါတာမို့ အစာစားလိုစိတ်ကို မြှင့်တင်ပေးပြီး အာဟာရဓာတ်များကို ပိုမိုစုပ်ယူစေရန် ကူညီပေးပါတယ်။

» ဒူးရင်းသီးက ပေးသော ကျန်းမာရေး ဆိုးကျိုးများ
စားကောင်းတိုင်း အလွန်အကျွံ မစားမိစေဖို့ ဒူးရင်းသီးရဲ့ ဆိုးကျိုးများကိုလည်း သိထားဖို့ လိုပါတယ်။

၁။ ကယ်လိုရီ များများပါဝင်တယ်
ဒူးရင်းသီးမှာ ကျန်းမာရေးကို ဆိုးကျိုးပေးတဲ့ အဆီဓာတ်တွေ မပါဝင်ပေမဲ့လို့ ကယ်လိုရီကြွယ်ဝတာတော့ ငြင်းမရပါဘူး။ ဒူးရင်းသီး အသေးတစ်လုံးမှာဆိုရင် ၈၈၅ ကယ်လိုရီလောက် ပါဝင်နေပါတယ်။

၂။ အချိုပါဝင်မှု မြင့်မားတယ်
အချိုဓာတ်မြင့်မားမှုကြောင့် ဆီးချိုသမားတွေအနေနှင့် အလွန်အကျွံ မစားသုံးသင့်ပါဘူး။ အများကြီးစားမိပါက မျက်စိဝါးခြင်း၊ ပျို့အန်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

၃။ အပူများသော အစာဖြစ်တယ်
ဒူးရင်းသီးကို အလွန်အကျွံ စားမယ်ဆိုရင်တော့ လည်ချောင်းနာခြင်း၊ ပါးစပ်အပူနာများပေါက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့ ဒူးရင်းသီးကို ဆားရည်၊ အုန်းရည်တို့ဖြင့် တွဲဖက်စားပေးနိုင်ပါတယ်။

၄။ အရက်နှင့် တွဲဖက်စားပါက အစာအဆိပ်သင့်တာမျိုး ဖြစ်နိုင်တယ်
ဒူးရင်းသီးမှာပါတဲ့ ဆာလဖာကွန်ပေါင်းနှင့် အရက်တို့ ဓာတ်ပြုမိပြီး လေပွခြင်း၊ အစာမကြေခြင်းနှင့် နောက်တစ်နေ့ မနက်တွင် ဆိုးရွားသော အရက်နာကျခြင်းလက္ခဏာများ ဖြစ်ပေါ်နိုင်ပါတယ်။

ဒူးရင်းသီးရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိရှိပြီမို့ မိမိကျန်းမာရေးနှင့် ချိန်ဆစားသုံးဖို့ မမေ့ပါနဲ့နော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)