ဒေါသထွက်တဲ့အခါမှာ professional ကျကျ ဖြေရှင်းကြမယ်
လူတိုင်း စိတ်ဆိုး ဒေါသထွက်တတ်ကြတာပါပဲ။ စိတ်တိုစရာ၊ စိတ်ဆိုးစရာအခြေအနေတွေမှာ ဒေါသထွက်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီလိုဒေါသကို အကောင်းမြင်တဲ့နည်းနဲ့ တုန့်ပြန်ရင်ဆိုင်ဖို့တော့ အရေးကြီးပါတယ်။ ဒေါသကို မထိန်းချုပ်နိုင်ရင် ကျန်းမာရေးအတွက်ရော၊ ပေါင်းသင်းဆက်ဆံရေးအတွက်ပါ မကောင်းပါဘူး။
ဒေါသထွက်လာတဲ့အခါမှာ အသုံးတည့်မယ့် အချက်လေး ၁၀ ချက်ကို မျှဝေပေးပါမယ်။
1. မပြောခင်မှာ စဉ်းစားပါ။
ဒေါသထွက်နေချိန်မှာ ဘာမဆို ပါးစပ်က လွှတ်ခနဲ ထွက်သွားနိုင်ပါတယ်။ ဒါတွေက နောင်တစ်ချိန်မှာ အမြဲနောင်တရနေမယ့် စကားတွေဖြစ်နိုင်လို့ ပါးစပ်က လွှတ်ခနဲမထွက်ခင်မှာ သေချာစဉ်းစားပါ။
2. စိတ်ငြိမ်သွားတဲ့အခါမှပဲ ကိုယ့်ဒေါသကိုပြပါ။
ဒေါသထွက်ပြီဆိုရင် စိတ်ငြိမ်အောင်ထားပြီးတော့ သေချာစဉ်းစားပြီးမှ ကိုယ်မကျေနပ်တဲ့ အချက်တွေကို ဖော်ပြပါ။ ကိုယ်က ဘာကိုစိတ်ဆိုးပြီးတော့ ဘာကိုလိုချင်တာလဲဆိုတာကို တခြားသူတွေကို နစ်နာမှုမရှိစေပဲ ရှင်းရှင်းလင်းလင်း တိတိကျကျပြောပါ။
3. လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လှုပ်ရှားမှုက ဒေါသထွက်လွယ်စေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေဖို့ အထောက်အကူပြုပါတယ်။ ဒီတော့ ကိုယ်ဒေါသတွေ အရမ်းထွက်နေပြီလို့ သတိထားမိရင် လမ်းအမြန်လျှောက်လိုက်တာ၊ ပြေးလိုက်တာ ဒါမှမဟုတ် တခြားကိုယ်လက်လှုပ်ရှားတစ်ခုခု လုပ်လိုက်ပါ။
4. ခဏလောက် အနားယူလိုက်ပါ။
စိတ်ဖိစီးမှုတွေ အရမ်းများတဲ့နေ့တွေဆိုရင် ခဏအနားပေးဖို့ အရေးကြီးပါတယ်။ ခဏလောက် ငြိမ်ငြိမ်လေးနေလိုက်တာက ကိုယ့်ဒေါသကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ပိုပြီးကောင်းကောင်း သိလာစေပါတယ်။
5. ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကိုရှာပါ။
ဘာကြောင့် ဒေါသထွက်တာလဲဆိုတာကိုပ ဲစဉ်းစားနေမယ့်အစား ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတာကို အဖြေရှာကြည့်ပါ။
6. သူများကိုပဲ အပြစ်တင်တဲ့စကားတွေ မပြောပါနဲ့။
သူများကို အပြစ်တင်ပြီးတော့ ပြောနေမယ့်အစား အပြန်အလှန် လေးလေးစားစားပြောပါ။
7. အညှိုး အာဃာတတွေ မထားပါနဲ့။
ခွင့်လွှတ်ခြင်းက အကြီးမားဆုံးသောအရာပါပဲ။ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တဲ့စိတ်တွေ၊ ဒေါသတွေထဲမှာပဲ နှစ်ထားပြီးတော့ ရုန်းမထွက်နိုင်ရင် ကိုယ့်စိတ်နဲ့ကိုယ်ပဲ ပူလောင်မှုတွေခံစားရမှာပါ။ ဒီအစား ကိုယ့်ကိုဒေါသဖြစ်စေတဲ့သူကို ခွင့်လွှတ်လိုက်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ဒီအခြေအနေကနေပြီးတော့ သင်ယူနိုင်ပြီးတော့ ပေါင်းသင်းဆက်ဆံမှုကိုလည်း ခိုင်မြဲစေပါလိမ့်မယ်။
8. စိတ်တင်းကြပ်နေတာတွေ ပြေစေဖို့အတွက် ဟာသဉာဏ်သုံးပါ။
ဟာသဆိုတာကတော့ တင်းကြပ်နေတာတွေကို ပြေလျော့စေပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ ဒေါသထွက်စရာတွေကို ရီစရာလို့ သဘောထားလိုက်တာက ကိုယ့်အတွက်ကောင်းပါတယ်။
9. ကိုယ့်စိတ်ကို ပြေလျော့စေမယ့် စွမ်းရည်တွေကို လေ့ကျင့်ပါ။
အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ့်ကိုစိတ်ငြိမ်စေမယ့် စကားလုံးတွေကို ထပ်ခါထပ်ခါပြောတာမျိုး၊ သီချင်းနားထောင်တာ၊ စိတ်ညစ်တာတွေကို ရေးချတာ၊ ယောဂကျင့်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လေ့ကျင့်ထားပါ။ စိတ်တိုနေတဲ့အချိန်မှာ ဒါတွေကို လုပ်ကြည့်ပါ။
10. ဘယ်မှာ အကူအညီရှာရမလဲဆိုတာကို သိပါစေ။
ဒေါသကို ထိန်းချုပ်ဖို့ဆိုတာကတော့ လူတိုင်းအတွက် မလွယ်တဲ့စိန်ခေါ်မှုပါပဲ။ ကိုယ့်ဒေါသကိုယ် မထိန်းနိုင်တော့ဘူးလို့ထင်ရင် ကိုယ့်ဒေါသကို ထိန်းပေးနိုင်မယ့် အကူအညီရှာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ့်ဒေါသကြောင့် ကိုယ့်အတွက်ရော သူများအတွက်ပါ ထိခိုက်စေပြီးတော့ နောင်တရစေမယ့်အရာတွေကို လုပ်မိပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















