/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နာတာရှည်ချောင်းဆိုးခြင်း-အကြောင်းအရင်းများ

နာတာရှည်ချောင်းဆိုးခြင်း အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

လူတွေဟာ လည်ချောင်းထဲကို ရောက်လာတဲ့ ဖုန်မှုန့်၊ ပိုးမွှား စတာတွေကို ဖယ်ရှားဖို့အတွက် ချောင်းဆိုးပေးရပါတယ်။ ဒါပေမဲ့ လူကြီးမှာ ၂ လ၊ ကလေးမှာ ၁ လ ထက်ပိုပြီး ချောင်းဆိုးရင်တော့ နာတာရှည် ချောင်းဆိုးဖြစ်သွားပါပြီ။ ဖြစ်စေရတဲ့အကြောင်းအရင်းတွေက အများကြီးရှိပါတယ်။

>>  နှာရည်တွေ ပြန်ကျတာများလို့
လူတွေဟာ နေ့တိုင်း ကိုယ်ထုတ်လုပ်တဲ့ အချွဲရဲ့ ၄ ပုံ ၁ ပုံ၊ ဒါမှမဟုတ် ၄ ပုံ ၂ ပုံကို ပြန်ပြီးမျိုချရပါတယ်။ လေပြွန်တွေကို စိုစွတ်နေစေဖို့ရန်၊ ပိုးမွှားတွေကို ပိတ်ထားဖို့ရန်ပါ။ ဒါပေမဲ့ ထုတ်တာ အရမ်းများလာတဲ့အခါ ချောင်းဆိုးလာပါတယ်။ ဓာတ်မတည့်တာ၊ ရေဓာတ်နည်းတာ၊ အအေးမိ၊ တုပ်ကွေး၊ အစပ်တွေ စားလို့ နှာရည်ပိုထွက်နိုင်ပါတယ်။

>>  ရင်ကြပ်ပန်းနာရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်
ရင်ကြပ်ပန်းနာဆိုတာနဲ့ အမြဲအသက်ရှူကြပ်၊ တရွှီရွှီမြည်နေတာနဲ့ လာမယ်မထင်ပါနဲ့။ ချောင်းခြောက်ဆိုးနေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ချောင်းဆိုးပျောက်ဆေးသောက်လည်း မသက်သာပါဘူး။ မကုဘဲထားမိရင် ရင်ကြပ်ပန်းနာပုံစံအစစ် ဖြစ်သွားနိုင်ပါတယ်။ ဆေးလိပ်သောက်တာ ရှောင်ပါ။

>>  အစာအိမ်ထဲက အက်စစ်ပြန်တက်လာတာ
အစာအိမ်ထဲက အက်စစ်တွေက အစာပြွန်ထဲကို ပြန်တက်လာပြီး ကသိကအောက် ဖြစ်စေရာကနေ ချောင်းဆိုးစေတာပါ။ နောက် လေပြွန်နဲ့ အသံအိုးဆီ ရောက်သွားရင်လည်း ဖြစ်တတ်ပါတယ်။ အက်စစ်ဓာတ်များတဲ့ အစားအစာတွေ၊ ကော်ဖီ၊ အရက်နဲ့ အစာအချိန်မှန် မစားတာတွေကို ရှောင်ရပါမယ်။
တချို့ဆေးတွေကြောင့် သွေးတိုးကျဆေးတစ်မျိုးဖြစ်တဲ့ ACEI တွေဟာလည်း ချောင်းခြောက်ဆိုးစေပါတယ်။

>>  ချောင်း ကြာရှည်ဆိုးရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
ပထမဆုံး ညဘက်တွေ ကောင်းကောင်းမအိပ်နိုင်ဘဲ အိပ်ရေးပျက်လာပါလိမ့်မယ်။ လည်ချောင်းတွေ နာလာမယ်။ ခေါင်းကိုက်၊ ခေါင်းမူးဖြစ်လာမယ်။ တချို့ချောင်းဆိုးတာ အရမ်းပြင်းထန်ရင် နံရိုးကျိုးတာအထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မိန်းမတွေ၊ အရိုးပွရောဂါရှိတဲ့မိန်းမတွေမှာ ဖြစ်လွယ်ပါတယ်။ ချောင်းဆက်တိုက်ဆိုးနေတဲ့အတွက် အောက်ဆီဂျင်က ဦးနှောက်ကို ကောင်းကောင်းမရောက်တော့ဘဲ မူးမေ့တာတွေ ဖြစ်နိုင်ပါတယ်။

>>  အိမ်တွင်းကုထုံးနဲ့တင် မလုံလောက်ပါဘူး
ဆရာဝန်နဲ့ ပြကို ပြရပါမယ်။ ရေနွေးသောက်တာ၊ ချောင်းဆိုးပျောက်ဆေး သောက်တာ၊ ငုံတာ၊ လေထုကို စိုစွတ်နေအောင် ထားတာမျိုးလည်း လုပ်လို့ရပါတယ်။ ဆေးလိပ်ငွေ့ကိုတော့ ရှောင်ပါ။

>>  ကလေးတွေအတွက် ဆိုရင်ရော
ကလေးက ၁ လထက် ပိုပြီး ချောင်းဆိုးနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ၆ နှစ်အောက်ကလေးတွေကို အပြင်ဆေးဆိုင်ကရောင်းတဲ့ ဆေးတွေ ဝယ်မတိုက်သင့်ပါဘူး။ အန္တရာယ် ဖြစ်နိုင်ပါတယ်။ အသက် ၃ လကနေ ၁ နှစ်ကလေးတွေကို ရေနွေးလေး ဇွန်းနဲ့ တိုက်သင့်ပါတယ်။

>>  အထွေထွေကု ဆရာဝန်နဲ့ ပြရုံနဲ့ လုံလောက်ပါတယ်
အဓိက,ကတော့ ဘာကြောင့်ဆိုးနေတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပြီး ကုသရမှာပါ။ လိုအပ်ရင် အထူးကုဆရာဝန်ဆီ လွှဲပြီး ကုသပေးပါလိမ့်မယ်။

>>  သတိထားရမယ့်အချက်တွေ
●  ချောင်းဆိုး အဖျားကြာရှည်၊ အဖျားကြီးတာ
●  သလိပ်တွေပါလာတာ
●  ချောင်းဆိုးသွေးပါတာ
●  အသက်ရှူမဝ၊ မောတာ
●  ဝိတ်ကျ၊ အစားမစားနိုင်ဖြစ်တာ
●  ရင်ဘတ်အောင့်တာ
●  ညဘက်ချွေးပြန်တာ
●  တရွှီရွှီမြည်တာ
ဒါမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။

Dr. Htar (www.drmyanmar.com)