နာတာရှည်ဝမ်းချုပ်ခြင်းကြောင့် နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်လဲ
မကြာခဏ ဝမ်းချုပ်တတ်သူများကို ကျွန်မတို့အနီးအနားတွင် တွေ့မြင်ရလေ့ရှိပါတယ်။ တစ်ခါတလေ ဝမ်းချုပ်နေသူဟာ မိမိကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တစ်ဦးတောင် ဖြစ်နေတတ်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ ရံဖန်ရံခါမှ ဖြစ်ပေါ်ပါက အကြောင်းမဟုတ်ပေမယ့် လနှင့်ချီပြီး ခံစားနေရတယ်ဆိုရင်တော့ နာတာရှည်ဝမ်းချုပ်ခြင်းဖြစ်နေပြီဟု သတ်မှတ်နိုင်ပါတယ်။
ဒီလို ကာလရှည်ဝမ်းချုပ်ခြင်းကို ကောင်းစွာမကုသဘူးဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နာတာရှည်ဝမ်းချုပ်ခြင်းကြောင့် ရရှိနိုင်မယ့် ဆိုးကျိုးတွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။
(၁) လိပ်ခေါင်း
ဝမ်းချုပ်တဲ့အတွက် ဝမ်းသွားတဲ့အခါ ညှစ်ပြီးသွားရပါတယ်။ ဒီအခါမှာ စအိုှနှင့် အစာဟောင်းအိမ်မှာရှိတဲ့ သွေးပြန်ကြောတွေဟာ ဖောင်းလာရာကနေ လိပ်ခေါင်းဖြစ်လာရတာ ဖြစ်ပါတယ်။
လိပ်ခေါင်းဖြစ်ပြီဆိုတာကို စအိုတစ်ဝိုက် ယားယံခြင်းနှင့် နာကျင်ခြင်း၊ ဝမ်းသွားစဉ် သွေးထွက်ခြင်းတို့ဖြင့် သိရှိနိုင်ပါတယ်။
(၂) စအိုကွဲအက်ခြင်း
ဝမ်းညှစ်ရလွန်းသဖြင့် စအိုကို ကာရံထားသော တစ်သျှူးများတွင် အကွဲကြောင်းများ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။ ဝမ်းသွားစဉ်နာခြင်း၊ ဝမ်းသွားပြီးတိုင်း စအိုနားတွင် သွေးထွက်နေခြင်း၊ စအိုတစ်ဝိုက်တွင် စုတ်ပြဲနေခြင်းတို့ကို တွေ့ရတတ်ပါတယ်။
(၃) ဝမ်းအိမ်ကျွံကျခြင်း
နာတာရှည်ဝမ်းချုပ်ခြင်းကို မကုသပါက အချိန်ကြာမြင့်လာတဲ့အခါ ဝမ်းအိမ်ပါ ကျွံကျလာတတ်ပါတယ်။ ဒီအခါမှာ သင့်အနေနှင့် ဝမ်းသွားပြီးသော်လည်း ဝမ်းကျန်တယ်လို့ ခံစားရခြင်း၊ စအိုတစ်ဝိုက် ယားယံနာကျင်ခြင်း၊ စအိုမှ အချွဲ၊ ဝမ်းနှင့်သွေးများထွက်ခြင်း၊ စအိုမှ အနီရောင်အဖုကြီး ထွက်နေတာကို မြင်ရခြင်းတို့ကို တွေ့ကြုံရပါလိမ့်မယ်။
(၄) အူတွင် စမြင်းတုံး ပိတ်ဆို့ခြင်း
စမြင်းတုံးဟာ အလွန်ကြီးမားပါက အူမကြီးမှာ ပိတ်ဆို့နေတတ်ပါတယ်။ ဒီအခါမှာ ဗိုက်ဖောင်းခြင်း၊ လေလည်တာ ဝမ်းသွားတာ နည်းသွားခြင်း၊ လေပွခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
>> ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်စေဖို့ အောက်ပါအတိုင်း ကာကွယ်နိုင်ပါတယ်။
● အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ်စားပါ။
● ရေကို တစ်နေ့ ၃ လီတာခန့် သောက်ပါ။
● နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
● စိတ်ဖိစီးမှုများကို လျော့နည်းအောင် ကြိုးစားပါ။ မိမိကိုယ်ကို ချစ်ခင်စွာ ဂရုစိုက်ပေးပါ။
● မိမိမှာ နာတာရှည်ဝမ်းချုပ်ဝေဒနာ ခံစားနေရပြီလို့ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ကုသပါ။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















