/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နားပေါက်-ပိုးဝင်ခြင်း

နားပေါက် ပိုးဝင်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နားပေါက်ဆိုတာ အမျိုးသမီးတိုင်းနီးနီးမှာ ရှိကြတာပါနော်။ ဒီလို အလှအပအတွက် ဖောက်ထားတဲ့ နားပေါက်မှာ ပိုးဝင်တဲ့အခါ နီရဲနာကျင်ပြီး ပြည်ဝါဝါတွေ ထွက်လာတတ်ပါတယ်။

          ဒီလို နားပေါက်ပိုးဝင်ရတဲ့ အဓိကအကြောင်းရင်းတွေကတေ့ာ မသန့်ရှင်းတဲ့ကိရိယာနဲ့ ဖောက်တာ၊ မသန့်ရှင်းတဲ့နားကပ်တွေ ဝတ်ဆင်တာ၊ လက်ညစ်ပတ်တွေနဲ့ နားကို မကြာမကြာ ကိုင်တာတွေကြောင့်ပါ။

          နောက်တစ်ကြောင်းက နားကပ်အတံ တိုနေတာကြောင့်ပဲဖြစ်ဖြစ်၊ နားကပ်အပိတ်ကို တင်းတင်းကြီး ပိတ်လိုက်လို့ပဲဖြစ်ဖြစ် နားကပ်ကြီး တအားတင်းကြပ်နေတာကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုကြပ်ကြပ်ကြီး ဖြစ်နေတဲ့အခါ နားထဲကို လေကောင်းကောင်း မဝင်တာကြောင့်တစ်ကြောင်း၊ နားကို သွေးကောင်းကောင်း မရောက်တာကြောင့်တစ်ကြောင်း ပိုးဝင်လွယ်တတ်ပါတယ်။

          တချို့ဈေးပေါတဲ့ နားကပ်တွေမှာ နားပေါက်ကို သွားသွားဆွတတ်တဲ့ အဖုအထစ်တွေ ပါနိုင်တာကြောင့် ပိုးဝင်နိုင်ပါတယ်။ နောက်တစ်ခုက နားကပ်ကို ထိုးထည့်ချိန်မှာ ထည့်တဲ့အနေအထား မှားယွင်းနေတာကြောင့်လည်း ပိုးဝင်နိုင်သေးတာမို့ အသားမကျသေးခင်မှာ မှန်ကြည့်ပြီး ထည့်ပေးဖို့ တိုက်တွန်းလိုပါတယ်။

 

>>    နားပေါက် ပိုးဝင်တာ ဘယ်လောက်ထိ ကြာတတ်သလဲ?

          သေချာဂရုစိုက်ရင် ၁ ပတ်၊ ၂ ပတ်လောက်မှာတင် သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ နားပေါက်ကို သန့်သန့်ရှင်းရှင်း မထားဘူးဆိုရင် မကြာမကြာ ပြန်ပြန်ဖြစ်နေမှာပါ။

 

>>    ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်ကြမလဲ?

          တကယ်လို့ နားပေါက် ပိုးဝင်လာပြီဆိုရင် နားရွက်ဖျားကို အရက်ပြန်နဲ့ သေချာပွတ်ဆေးပါ။ နားကပ်ကိုလည်း တစ်နေ့ ၃ ကြိမ်လောက် ချွတ်ပြီး အရက်ပြန်နဲ့ သေချာဆေးကြောပေးပါ။ ပြီးတော့ ပိုးသတ်လိမ်းဆေးလေးနဲ့ ပွတ်ပြီးမှာ ပြန်တပ်ပါ။ ပိုးဝင်တာ သက်သာပြီး ၂ ရက်အထိကို ပိုးသတ်လိမ်းဆေးလေး လိမ်းပေးဖို့ လိုတယ်။ ပိုးမဝင်အောင် အောက်မှာဖော်ပြမယ့်နည်းလမ်းလေးတွေကို လိုက်နာပေးဖို့ လိုပါတယ်။

 

>>    နားဖောက်ပြီးပြီးချင်း ပိုးမဝင်အောင် -

●        တကယ်လို့ သွေးထွက် လွယ်တတ်တယ်၊ ဒဏ်ရာ ရပြီးတဲ့အခါ အမာရွတ်ထူထူကြီး ကျန်တတ်တယ်၊ အရေပြား ပိုးဝင်တတ်တယ်ဆိုရင် နားမဖောက်ပါနဲ့။

●        ကျွမ်းကျင်ပြီး ပိုးသတ်ပစ္စည်းတွေကိုသာ သုံးတဲ့နေရာမျိုးမှာ နားဖောက်ပါ။ မကျွမ်းကျင်သူနဲ့ ဖောက်မိရင်တေ့ာ နားပေါက် ပိုးဝင်နိုင်သလို ပုံပျက်ပန်းပျက်လည်း ထွက်လာနိုင်ပါတယ်။

●        နားဖောက်ဖောက်ပြီးချင်း ၁၄ ကာရက်ရွှေတို့၊ သံချေးမတက်တဲ့ စတီးလ်တို့နဲ့ ပြုလုပ်ထားတဲ့ နားကပ်ကို သုံးပေးပါ။

●        ၆ ပတ်တိတိ နားကပ်ကို မချွတ်ပါနဲ့နော်။

●        နားကပ်ကို ကျပ်ကျပ်ပြီး မတပ်ပါနဲ့။

●        လက်ကို သေချာဆေးကြောပြီးနောက် benzalkonium chlorideပါတဲ့ နားလိမ်း ပိုးသတ်ဆေးလေးနဲ့ နားရွက်ဖျားကို လိမ်းပေးပါ။ ပြီးရင် နားကပ်ကို ၃ ပတ်လောက် လှည့်ပေးလိုက်ပါ။ ဒီလိုမျိုး ၆ ပတ်လုံးလုံး လုပ်ပေးဖို့ လိုပါတယ်။

●        ၆ ပတ်ပြီးနောက်မှာတော့ နားပေါက်ဘေးသားတွေ ကောင်းကောင်း ကျက်သွားပြီဖြစ်ပြီး နားကပ်ကို ကြိုက်သလို လဲပေးနိုင်ပါပြီနော်။

 

>>    နောက်ပိုင်း ပိုးမဝင်အောင် -

●        နားကပ်အဖြုတ်အတပ်ကလွဲရင် နားကပ်ကို မကြာမကြာ မကိုင်ပါနဲ့။ လက်ဆိုတာ ညစ်ပတ်နေတတ်တာမို့ ပိုးဝင်သွားနိုင်ပါတယ်။

●        နားကပ် မတပ်ခင်မှာ နားကပ်၊ နားကပ်အတံနဲ့ နားရွက်ဖျားကို အရက်ပြန်နဲ့ ပွတ်ဆေးပေးပါ။

●        နားရွက်ကို အတင်းဖိထားသလို မဖြစ်အောင်ရယ်၊ လေဝင်လေထွက်ကောင်းအောင်ရယ်၊ နားကပ်ကို တင်းတင်းကြပ်ကြပ်ကြီး မတပ်ပါနဲ့။

●        မျက်နှာပြင် ကြမ်းကြမ်းကြီးနဲ့ နားကပ်တွေကို လွှင့်ပစ်လိုက်ပါ။

●        နားပေါက်ထဲ လေဝင်လေထွက်ကောင်းအောင် ညဘက်မှာ နားကပ်ကို ချွတ်အိပ်ပါ။

 

>>    နားရွက်ဖျားကို ဒဏ်မဖြစ်အောင် -

          တွဲလောင်းတွဲလောင်း နားကပ်တွေက နားပေါက်ပြဲသွားစေပြီး ပြန်ချုပ်ဖို့ လိုတတ်တယ်။ အားကစား လုပ်နေချိန်မျိုးမှာလည်း နားကပ်တွဲလောင်းတွေ မဝတ်ပါနဲ့။ ကခုန်ချိန်၊ ခေါင်းလျော်ချိန်၊ ဟိုဆွဲဒီဆွဲ ဆွဲတတ်တဲ့ ကလေးလေးတွေ ချီချိန်မျိုးမှာ သတိထားဖို့ လိုပါတယ်။

 

>>    ဆရာဝန်နဲ့ ဘယ်အချိန်မျိုးမှာ ပြဖို့လိုအပ်မလဲ?

●        နားကပ်ကြီး ချွတ်မရတော့ရင် ဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုပါတယ်။

●        ရောင်ပြီးနီနေတာ နားပေါက်နေရာကိုတောင် ကျော်လာရင်

●        ဖျားလာရင်

●        ၄၈ နာရီကြာတဲ့အထိကို ပိုးဝင်တာ မသက်သာရင်

●        တခြား မေးစရာ မြန်းစရာတွေရှိရင် ဆရာဝန်နဲ့ ၂၄ နာရီအတွင်းမှာ ပြဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)