/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နေရောင်ခြည်ရဲ့ဆိုးကျိုးတွေ

နေရောင်ခြည်ရဲ့ဆိုးကျိုးတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။     နေရောင်က မျက်လုံးတွေကို ထိခိုက်စေပါတယ်။

        နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အကာအကွယ်မဲ့ အချိန်အတော်ကြာ ထိတွေ့မယ်ဆိုရင် မြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ ပြီးတော့ မျက်ကြည်လွှာထောင့်ဘက်မှာလည်း တိမ်လိုမျိုးလေးတွေ ဖြစ်လာပြီးတော့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်က တိမ်စွဲရတဲ့ အကြောင်းအရင်းထဲက တစ်ချက်လည်း ဖြစ်ပါတယ်။

 

၂။     Heat Exhaustion (အပူလွန်ကဲခြင်း)

        အရမ်းပူတဲ့အခါမှာ ချေွးထွက်လွန်ပြီးတော့ ရေဓာတ်နဲ့ ဆားဓာတ်တွေ အလွန်အကျွံ ဆုံးရှုံးမှုတွေ ဖြစ်တတ်ပါတယ်။ ပူတဲ့ပတ်ဝန်းကျင်တွေမှာ အလုပ်လုပ်ရတဲ့လူတွေမှာ အပူလွန်ကဲခြင်းက အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ -

●        ခေါင်းကိုက်ခြင်း

●        ပျို့ခြင်း

●        မူးဝေထိုင်းမှိုင်းခြင်း

●        ဂဏှာမငြိမ်ဖြစ်ခြင်း

●        ရေငတ်ခြင်း

●        ချွေးအလွန်အကျွံထွက်ခြင်း

●        ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း

●        ဆီးထွက်နည်းခြင်းတို့ ဖြစ်ကြပါတယ်။

 

၃။     Heat Stroke (အပူရှပ်ခြင်း)

        Heat exhaustion ကို မကုသဘဲထားမယ်ဆိုရင် အပူရှပ်သွားနိုင်ပါတယ်။ Heat stroke ဆိုတာကတော့ အပူကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခု ဖြစ်ပြီးတော့ အသက်အန္တရာယ်တောင်မှ စိုးရိမ်ရပါတယ်။ Heat stroke ရတဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်က လျင်မြန်စွာ တက်လာပြီးတော့ ၁၀-၁၅ မိနစ်အတွင်းမှာ 106°F အထိ တက်သွားတတ်ပါတယ်။ ဒီလိုဖြစ်ပြီဆိုရင် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မခံယူပါက တစ်ခုခု ချို့ယွင်းသွားတာ (သို့) အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ Heat stroke ရဲ့ လက္ခဏာတွေကတော့ -

●        စိတ်ရှုပ်ထွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ မတည်မငြိမ်ဖြစ်၊ စကားတွေ ဗလုံးဗထွေးဖြစ်

●        သတိလစ်မေ့မြော

●        အသားအရေတွေ အရမ်းပူပြီးတော့ခြောက် (သို့) ချွေး အလွန်အကျွံထွက်

●        တက်

 

၄။     နေလောင်ခြင်း

        နေရောင်နဲ့ အလွန်အကျွံ ထိတွေ့လို့ဖြစ်တဲ့ အဖြစ်များတဲ့ပြဿနာတစ်ခုပါပဲ။ နေနဲ့ ထိပြီးတော့ ၄-၅ နာရီလောက်ကြာတဲ့အထိ ရောဂါလက္ခဏာ အမြင့်ဆုံး မပြသေးပါဘူး။ ခရမ်းလွန်ရောင်ခြည်တွေကြောင့် နေလောင်တာ များပါတယ်။ နေလောင်တဲ့ လက္ခဏာတွေကတော့ -

●        အရေပြားတွေ နီလာမယ်

●        ပူစပ်ပူလောင်ကြီး ခံစားရမယ်

●        ရောင်လာမယ်

●        အရည်ကြည်ဖုတွေ ထလာမယ်

●        ပျို့ခြင်း၊ ချမ်းတုန်ဖျားခြင်း (သို့) ခေါင်းကိုက်ခြင်း စတဲ့ တုပ်ကွေးလိုမျိုးလက္ခဏာတွေ ခံစားရမယ်။

 

၅။     အပူဖုနှင့်အကွက်များ

          ချွေးပြွန်လေးတွေထဲက ချွေးတွေက အရေပြားအောက်မှာ ပိတ်မိနေတဲ့အခါမှာ အရေပြားပေါ်မှာ အကွက်တွေ ထွက်လာစေပါတယ်။ အများအားဖြင့်တော့ ပူပြင်း၊ စိုစွတ်တဲ့ရာသီဥတုမှာ အရည်ကြည်ဖု သေးသေးလေးတွေ၊ ဝက်ခြံလိုမျိုး နီနီရဲရဲ အဖုလေးတွေ စုစုပြီး ထွက်လာတတ်ပါတယ်။ အရေပြား တွန့်နေတဲ့နေရာတွေ၊ တံတောင်ကွေးတွေ၊ ပေါင်ခြံတွေ၊ လည်ပင်းနဲ့ ရင်ဘတ်ပေါ်တွေမှာ ဖြစ်တာများပါတယ်။

          ချွေးမထွက်အောင်လို့ အေးတဲ့နေရာမှာ နေပြီးတော့ အဖုပေါက်တဲ့နေရာတွေကို ခြောက်နေအောင် ထားပေးရင် အဖုတွေ ပျောက်သွားမှာပါ။ ပေါင်ဒါလေးလည်း ပွတ်ပေးလို့ရပါတယ်။ လိမ်းဆေးတွေ၊ ခရင်မ်တွေတော့ မလိမ်းသင့်ပါဘူး။

 

၆။     အရေပြားကင်ဆာ

        နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့ခြင်းကြောင့်ဖြစ်တဲ့ အဆိုးရွားဆုံး ဆိုးကျိုးကတော့ အရေပြားကင်ဆာပါ။ နှစ်ကြာလာတာနဲ့အမျှ နေကြောင့် အသားအရေ ပျက်စီးတာ များလာပြီးတော့ အသက်ကြီးလာတာနဲ့အမျှ အရေပြားကင်ဆာ ဖြစ်နိုင်ချေတွေကလည်း ပိုပိုများလာပါတယ်။

 

၇။     အရေပြားများ တွန့်ခြင်း၊ အိုမင်းရင့်ရော်ခြင်း

          အသက်ကြီးလာရင် အရေပြားတွေ တွန့်လာမှာပဲ ဆိုပေမယ့်လည်း နေရောင်နဲ့ ထိတာများရင် ပိုဆိုးနိုင်ပါတယ်။ နေရောင်နဲ့ ထိတွေ့တာထက် ပိုဆိုးတာကတော့ ဆေးလိပ် သောက်တာပါ။ ဆေးလိပ်သောက်ရင် အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ပိုဆိုးစေပါတယ်။ တချို့လူတွေမှာဆိုရင် ဆေးလိပ်သောက်တာနဲ့ နေရောင်နဲ့ ထိတွေ့မှုတွေကြောင့် ပါးရိုးပေါ်မှာ အဖြူရောင်ရေအိတ်လေးတွေနဲ့ အမည်းခေါင်းလေးတွေ ဖြစ်တတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပေါ်မှာ အမည်းစက်တွေကိုလည်း ဖြစ်စေပါတယ်။

 

>>    နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ကြမယ်

          နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးမှုတွေကို ကာကွယ်လို့ရပါတယ်။ နေရောင်ထဲကို မထွက်ခင် မိနစ် ၂၀ အလိုမှာကတည်းက နေကာခရင်မ်ကို လိမ်းရပါမယ်။ ပြီးတော့ နေရောင်ထဲကိုသွားရင် ၂ နာရီကြာရင် ပြန်လိမ်းပေးရပါမယ်။ ရေကူးပြီးရင် (သို့) ချွေးတွေ အများကြီး ထွက်ပြီးရင်လည်း ပြန်လိမ်းပေးဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ နေကာမျက်မှန်တပ်ပါ။ အရေပြားကို အကာအကွယ်ရဖို့ ပွပွချောင်ချောင် ချည်ထည်အကျႌလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ပါ။ ဦးထုပ် အဝိုင်းပြားပြားကြီးတွေ ဆောင်းပါ။ အပြင်မှာ အကြာကြီးနေရမယ်ဆိုရင် အဆောက်အဦးအရိပ်၊ ထီး၊ သစ်ပင်စတဲ့ အရိပ်အောက်မှာ နေပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)