နေရောင်ခြည်ရဲ့ ကောင်းကျိုးများ
1. Vitamin D ဓာတ်ကို ရရှိစေနိုင်ခြင်း
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Vitamin D ကို ရရှိနိုင်ဖို့ နေရဲ့ ခရမ်းလွန်ရောင်ခြည် UV-ray ရှိဖို့ လိုအပ်ပါတယ်။ Vitamin D ဟာ ခန္ဓာကိုယ်ရဲ့ အရိုး၊ ကြွက်သားနဲ့ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးမှုတို့အတွက် အရေးပါ,ပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာ စတဲ့ ကင်ဆာများကိုလည်း ဖြစ်နှုန်း နည်းစေပါတယ်။
2. အရေပြားရောဂါတွေကို ကုသပေးနိုင်ခြင်း
ခရမ်းလွန်ရောင်ခြည်ဟာ ကြွပ်ပွေးလို့ ခေါ်တဲ့ Psoriasis အရေပြားရောဂါကို ကုသနိုင်ပါတယ်။ ဒီရောဂါမှာ အရေပြားအလွှာတွေဟာ အမြန်ကြွေကျနေပြီး ယားယံတတ်တဲ့အကွက်တွေ ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မိတဲ့အခါ ဒီအရေပြားဆဲလ်တွေကို မပွားလာအောင် ကူညီပေးပြီး ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
3. စိတ်အား တက်ကြွစေနိုင်ခြင်း
နေရောင်ခြည်ဟာ ဦးနှောက်ထဲမှာရှိတဲ့ Pineal ဂလင်းကနေ Tryptamines လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်စေနိုင်ပြီး စိတ်ဓာတ်တက်ကြွစေနိုင်ပါတယ်။
4. တိရစာၦန်အချို့ရဲ့ အမြင်အာရုံကို ကူညီပေးခြင်း
ငှက်၊ ပျားနဲ့ တွားသွားသတ္တဝါများဟာ ခရမ်းလွန်ရောင်ခြည်ရဲ့ အကူအညီနဲ့ အသီးမှည့်တွေ၊ ပန်းပွင့်တွေနဲ့ အစေ့အနှံတွေကို ပတ်ဝန်းကျင်ကနေ ခွဲခြားမြင်နိုင်စွမ်း ရှိလာပါတယ်။ ဒီတိရစာၦန်တွေရဲ့ အမြင်မှာ အသီးအနှံနဲ့ ပန်းပွင့်တွေဟာ လူတွေရဲ့အမြင်ကနေ ကွဲပြားနေတတ်ပါတယ်။ နေရောင်ထဲမှာ ပျားတွေနဲ့ ငှက်တွေဟာ ပန်းပွင့်အချို့ကို ကွဲကွဲပြားပြား မြင်တွေ့နိုင်တဲ့အတွက် ပန်းဝတ်မှုန် စုပ်ယူမှုကို အထောက်အကူပြုပါတယ်။
5. အင်းဆက်ပိုးအချို့ရဲ့ လမ်းကြောင်းကို အထောက်အပံ့ပြုခြင်း
အင်းဆက်ပိုးမွှား အများစုဟာ ခရမ်းလွန်ရောင်ခြည်အပေါ် မူတည်ပြီး ပျံသန်းသွားလာတတ်ကြပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ အလင်းရောင်တစ်ခုခုကို တွေ့တဲ့အခါ အင်းဆက်ပိုးမွှားတွေ စုပြုံလာပြီး လမ်းကြောင်း ပျောက်သွားတတ်ပါတယ်။
6. ပိုးသေစေခြင်း
ခရမ်းလွန်နေရောင်ခြည်ဟာ ပိုးမွှားတွေကို သေစေနိုင်တယ့် နာမည်ကြီး ပိုးသတ်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေကို ဖျက်ဆီးပေးနိုင်တဲ့အတွက် လျှော်ဖွပ်ပြီး အဝတ်အစား၊ အတွင်းခံတွေနဲ့ စားပွဲခင်း စတာတွေကို နေရောင်မှာ လှန်းပေးသင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ပိုးမွှားတွေရဲ့ ဆဲလ်မျက်နှာပြင်ကို ထိုးဖောက် ဝင်ရောက်ပြီး အထဲက DNA ကို ဖျက်ဆီးလိုက်တဲ့အတွက် မပွားနိုင်တော့ဘဲ သေကြေစေပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည် မီးအိမ်တွေကို ပိုးသတ်ရာမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















