နေ့စဉ်အပြုအမူတွေထဲမှာ သင့်ခန္ဓာကိုယ်ကို မကျန်းမမာဖြစ်စေတဲ့အရာတွေ ပါနေမလား?
အသက်ရှည်ရှည်လည်း နေချင်တယ်၊ ကျန်းကျန်းမာမာလည်း ရှင်သန်ဖြတ်သန်းချင်တယ် ဆိုရင်တော့ မိမိရဲ့နေ့စဉ်အပြုအမူလေးတွေထဲက ကျန်းမာရေးနဲ့ မညီညွတ်တဲ့လုပ်ရပ်လေးတွေကို ရှောင်ဖို့လိုလာပြန်ပြီပေါ့။
● ပင်လယ်စာ ကြိုက်တတ်သူလား? ပင်လယ်ငါးတွေမှာပါတဲ့ မာကျူရီဓာတ်ဟာ သင့်ခန္ဓာကိုယ်ထဲမှာ စုပုံနေပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာ အထွေထွေပေးနိုင်နေမှာပါ။ ငါးကြိုက်တတ်ရင် ရေချိုငါးတွေက ပိုအန္တရာယ်ကင်းပါသတဲ့။
● ရေသန့်ဘူးက ရေတွေကို အမြဲသောက်တတ်သူလား? အစားအစာ ထုပ်ပိုးပစ္စည်းတွေ ပလတ်စတစ်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါသတဲ့။ PFOS နဲ့ PFOA ဓာတ်တွေဟာ အသည်းကင်ဆာဖြစ်စေပါတယ်။ ရေဘူးတွေကို ပလတ်စတစ်အစား ဖန်ဘူးလေးတွေ ပြောင်းလဲသောက်ပါ။ ဖန်ခွက်သုံးပါ။
● ရေနွေးအိတ် ကပ်တတ်သလား? ညောင်းတဲ့အခါ အဆစ်ကိုက်တဲ့အခါ ရေနွေးအိတ် ကပ်တတ်သူလား။ ရေနွေးအိတ်တွေကို ပြုလုပ်ထားတဲ့ ပိုလီကာဘွန်နိတ်ပလတ်စတစ် ပစ္စည်းဟာ ဘီပီအေ ပါဝင်ပြီး ရေရှည် ထိတွေ့နေရခြင်းဖြင့် ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာနဲ့ ဟော်မုန်းရောဂါတွေကို ဦးတည်နေပါတယ်။
● သွားဖြူဆေးတွေ သိပ်သုံးလွန်းနေလား? ဒီဆေးတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ကင်ဆာဖြစ်စေတာ တွေ့ရမှာပါ။
● နေ့စဉ် တီဗီရှေ့မှာ ထိုင်တတ်သူလား? အညောင်းမိတာအပြင် နေ့စဉ် ခြောက်နာရီအထက် တီဗီကြည့်မယ်ဆိုရင် ငါးနှစ်အတွင်း သေဆုံးနိုင်ခြေ ပိုများလာပါသတဲ့။
● အိမ်ထဲမှာ အသား ကင်တတ်သလား? အသားကင်ကနေ ထွက်တဲ့အငွေ့တွေဟာ အိမ်တွင်းလေထုကို ညစ်ညမ်းစေတာမို့ မျက်လုံး၊ နှာခေါင်းနဲ့ အသားအရေတွေကို ယားယံ ဓာတ်မတည့်စေပြီး အသက်ရှူလမ်းကြောင်းရောဂါနဲ့ ကင်ဆာရောဂါတွေကို ဆောင်ကျဉ်းလာမှာပါ။
● စပျစ်သီးခြောက်တွေ၊ လိမေ္မာ်ယိုတွေကို မက်မက်စက်စက် မှီဝဲတတ်သူလား? အသီးဖျော်ရည်နဲ့ အသီးခြောက်တွေမှာ ပါဝင်တဲ့ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ဟာ ကလေးပျက်ကျတာနဲ့ တခြားအဆုတ်ရောဂါတွေနဲ့ ဆက်စပ်လျက် ရှိပါတယ်။
● အပျော်အပါး သိပ်မက်လွန်းတာကလည်း အသက်တိုခြင်းရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ အပျော်ကြူးလွန်းတဲ့အခါ မူးယစ်ဆေး၊ အရက်နဲ့ ဘီယာတွေ သောက်စားလွန်းတဲ့အခါ ရောဂါတွေ ဖြစ်လာပြီး အသက်တိုစေမှာ မုချပါပဲ။ ထိန်းထိန်းသိမ်းသိမ်း ပျော်တတ်ပါစေ။
● ပြောင်းဖူးပေါက်ပေါက်တွေ၊ ဟမ်ဘာကာတွေ၊ အသင့်စား အသားပြားတွေ၊ ဝက်အူချောင်းတွေမှာ ပါဝင်တဲ့ တာရှည်ခံပစ္စည်းတွေဟာ ကင်ဆာဖြစ်စေတဲ့ ဓာတုဓာတ်ပေါင်းတွေ ဖြစ်ပါတယ်။
● နေရောင်ခံ လိမ်းဆေးတွေ အရမ်းသုံးရင်လည်း အသားအရေ ထိခိုက်လာပါသတဲ့။ နေရောင်ခံ လူးဆေးတွေမှာ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေဟာ ကင်ဆာဖြစ်စေတဲ့အပြင် ရောဂါကာကွယ်ရေးစနစ်ကိုပါ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















