/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှလုံးတိုက်ခိုက်ခံရခြင်း-heart-attack-ဆိုတာ-ဘာလဲ

နှလုံးတိုက်ခိုက်ခံရခြင်း (Heart attack) ဆိုတာ ဘာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

Heart attack လို့ သိကြတဲ့ နှလုံးတိုက်ခိုက်ခံရခြင်းဆိုတာက နှလုံးကြွက်သားအစိတ်အပိုင်းကို သွေးထောက်ပံ့မှု ပြတ်လပ်သွားတဲ့အတွက်ကြောင့် နှလုံးပျက်စီးသွားတာကို ပြောတာပါ။ နှလုံးသွေးကြောတွေထဲက အခွဲတစ်ခု ပိတ်သွားရင် နှလုံးတိုက်ခိုက်ခံရတတ်ပါတယ်။ ကုသမှု စောစောစနိုင်လေ ပျက်စီးမှုနည်းလေလေပါပဲ။

>>  ရောဂါလက္ခဏာများ
အဖြစ်များဆုံးသောလက္ခဏာတွေကတော့ -
●  ရင်ဘတ်အောင့်ခြင်း အများအားဖြင့် ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလို တင်းကြပ်နေတာ၊ ရင်ဘတ်အလယ်မှာ ဆုတ်ဆွဲလိုက်သလို နာကျင်တာ၊ အစာမကြေတာလိုမျိုး ခံစားရတတ်ပါတယ်။
●  ပခုံး၊ လည်ပင်း၊ လက်မောင်း၊ နောက်ကျော၊ မေးရိုးနဲ့ လည်ချောင်းတွေမှာ နာကျင်တာ၊ မသက်မသာဖြစ်တာ၊ တင်းကြပ်တာ၊ လေးလံတာတွေ ဖြစ်တတ်ပါတယ်။
●  ပျို့အန်ချင်တာ
●  ကိုယ်လုံးက အေးပြီးတော့ ချွေးတွေထွက်တာ
●  ခေါင်းကိုက်
●  အသက်ရှူမြန်
●  ပုံမှန်မဟုတ်ဘဲ မောပန်းတာတွေ ဖြစ်တတ်ပါတယ်။
နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ လက္ခဏာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ခံစားရတာချင်း မတူပါဘူး။ တချို့လူတွေမှာ ပြင်းထန်ပြီး တချို့လူတွေမှာ အနည်းငယ်နဲ့ လက္ခဏာလုံးဝမပြတာလည်း ရှိပါတယ်။ နှလုံးတိုက်ခိုက်ခံရပြီဆိုရင် လက္ခဏာတွေက ၁၀ မိနစ်ထက်ပ ိုကြာတတ်ပါတယ်။

>>  အကြောင်းအရင်းများ
နှလုံးသွေးကြောပိတ်ရတာက ဖြစ်စဉ် ၂ မျိုးကြောင့် ဖြစ်နိုင်ပါတယ်။
နှလုံးသွေးကြောထဲမှာအဆီစတွေ နှစ်ပေါင်းများစွာစုပုံလာလို့နဲ့ ဒီအဆီစတွေပေါ်မှာ သွေးခဲဖြစ်လာပြီးတော့ သွေးစီးဆင်းမှုကို ပိတ်လိုက်လို့ ဖြစ်ပါတယ်။ နှလုံးတိုက်ခိုက်ခံရတုန်းမှာ ကုသမှုစောစောပေးနိုင်ရင် သွေးခဲပျော်စေပြီးတော့ နှလုံးကြွက်သား ထိခိုက်မှုနည်းစေနိုင်ပါတယ်။

>>  ဖြစ်နိုင်ချေများသောအချက်များ
ဒီလိုသွေးကြောကျဉ်းပြီး အဆီတွေစုလာတာက ဆယ်ကျော်သက်အရွယ်ကတည်းကနေ ဖြည်းဖြည်းချင်းနဲ့ နှစ်ပေါင်းများစွာကြာအောင် ဖြစ်နေပါတယ်။ ဖြစ်နိုင်ချေများတဲ့အချက်တွေကတော့ -
●  အသက်အရွယ် - နှလုံးတိုက်ခိုက်ခံရခြင်းက အသက် ၄၅ နှစ်အထက် အမျိုးသားတွေနဲ့ အသက် ၅၅ နှစ်အထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
●  ဆေးလိပ်သောက်ခြင်း
●  ကျန်းမာရေးနှင့်ညီညွတ်စွာ မစားသုံးခြင်း
●  ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
●  အဝလွန်ခြင်း
●  အရက် အလွန်အကျွံသောက်သုံးခြင်း
●  သွေးတွင်းကိုလက်စရောများခြင်း
●  သွေးတိုး
●  ဆီးချို
●  အရင်က နှလုံးရောဂါရှိခြင်း
●  မိသားစုထဲမှာ နှလုံးရောဂါရာဇဝင်ရှိခြင်း စသည်တို့ ဖြစ်ပါတယ်။

>>  နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားပျက်စီးမှုတွေကြောင့် အောက်ပါဆိုးကျိုးတွေ ဝင်နိုင်ပါတယ်။
●  နှလုံးခုန်မမှန်ခြင်း
●  နှလုံးပျက်စီးခြင်း
●  နှလုံးအမြှေးပါးရောင်ခြင်း
●  နှလုံးအဆို့ရှင်ပြသနာများြဖ်စခြင်း

>>  ရောဂါရှာဖွေဖော်ထုတ်ခြင်း
နှလုံးတိုက်ခိုက်ခံရခြင်းရဲ့လက္ခဏာတွေ တွေ့ပြီဆိုရင်တော့ အရေးပေါ်ကုသမှုခံယူပါ။ စောစောကုသမှုရလေ ကောင်းလေပါပဲ။
ဆေးရုံရောက်တဲ့အခါမှာ ဆရာဝန်တွေက မေးမြန်းစစ်ဆေးမှုတွေအပြင် ECG ဆွဲပါလိမ့်မယ်။

နှလုံးတိုက်ခိုက်ခံရခြင်းလို့ သံသယဖြစ်ရင် အရေးပေါ်ကုသမှုပေးပါလိမ့်မယ်။ heart attack ဟုတ်၊ မဟုတ် သေချာဖို့အတွက် အောက်ပါစစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။
●  သွေးစစ်ခြင်း
●  ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
●  Echocardiogram (နှလုံးဓာတ်မှန်)
●  Coronary angiogram - နှလုံးသွေးကြောတွေမှာ ပိတ်ဆို့မှု ရှိ၊ မရှိ သိနိုင်ဖို့အတွက် ဓာတ်မှန်ရိုက်ကြည့်ခြင်း

>>  ကုထုံးများ
အရေးပေါ်ကုသမှုများ
ရောဂါကို သေချာမသိခင်ကတည်းက ကုထုံးတွေက စပြီးပေးထားရပါပြီ။ ဒါတွေကတော့ -
●  အောက်ဆီဂျင်နည်းနေရင် အောက်ဆီဂျင်ပေးရပါမယ်။
●  သွေး ထပ်မခဲအောင ်ကာကွယ်ဖို့အတွက် သွေးကျဲဆေး aspirin
●  Nitroglycerine - လျှာအောက်ငုံဆေးပြား (သို့) ဖြန်းဆေးက နှလုံးသွေးကြော ပွင့်စေပြီးတော့ နှလုံးကို သွေးစီးဆင်းမှု ကောင်းစေပါတယ်။
●  အနာသက်သာဆေးများ

>>  ဆေးရုံမှာ ဘယ်လိုကုသမှုတွေပေးမလဲ?
နှလုံးတိုက်ခိုက်ခံရခြင်းဆိုတာ သေချာပြီဆိုရင် နှလုံးကြွက်သားတွေဆီကို သွေးစီးဆင်းမှုကောင်းအောင် ပြန်လုပ်ပါမယ်။ ပြီးတော့ နှလုံးကြွက်သားတွေ ထပ်ပြီးတော့ မပျက်စီးအောင် ကာကွယ်ပေးရပါမယ်။
●  သွေးခဲပျော်ဆေးပေးခြင်း
●  Coronary angioplasty - ပိတ်နေတဲ့သွေးကြောကို ပြန်ဖွင့်ပေးခြင်း။ ဒါကတော့ ပေါင်မှာရှိတဲ့ သွေးကြောကနေတစ်ဆင့် ပြွန်တစ်ခုသွင်းပြီးတော့ နှလုံးသွေးကြော ဖွင့်ပေးတာပါ။
●  Coronary artery bypass surgery - ဒါကတော့ အကြီးစားနှလုံးခွဲစိတ်မှုပါ။ ပိတ်နေတဲ့ သွေးကြောနေရာမှာ သွေးလွှတ်ကြော (သို့) သွေးပြန်ကြောအစတစ်ခု အစားထိုးပြီးတော့ သွေးစီးဆင်းမှု ပြန်ကောင်းအောင်လုပ်ပေးတာပါ။

>>  အခြားကုထုံးများ
●  ဆေးဝါးများ - beta-blockers, ACEI, statins
●  နှလုံးပြန်လည်သန်စွမ်းရေးအစီအစဉ်များ - နှလုံးတိုက်ခိုက်ခံရခြင်း ကနေပြီးတော့ ပြန်လည်ကောင်းမွန်လာပြီးတော့ နောက်ထပ် နှလုံးတိုက်ခိုက်မခံရအောင်လို့ ဆရာဝန်က သင့်တော်တာတွေကိုညွှန်ကြားပါလိမ့်မယ်။

>>  ကာကွယ်ခြင်း
နှလုံးတိုက်ခိုက်ခံရခြင်း ဖြစ်နိုင်ချေကို လျော့ကျစေဖို့အတွက် နေထိုင်စားသောက်မှုပုံစံတွေကတော့ -
●  ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ စားသုံးပါ။
●  ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
●  ဆေးလိပ်မသောက်ပါနဲ့။
●  ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
●  အရက်သောက်တတ်ရင် တစ်နေ့ကို စံသတ်မှတ်ထားတဲ့ အရက် ၂ ခွက်ထက် ပိုမသောက်ပါနဲ့။
ဒါတွေအပြင် သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း စတဲ့ အခြားရောဂါတွေကိုလည်း သေချာကုသမှုခံယူပါ။ ဒါတွေက နှလုံးတိုက်ခိုက်ခံရနိုင်ချေကို ပိုများစေပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)