နှလုံးနဲ့ သွေးကြောရောဂါများ
နှလုံးသွေးကြောရောဂါဟာ နှလုံးနဲ့ သွေးလည်ပတ်မှုကို ထိခိုက်တာကို ခေါ်ပါတယ်။ ဒီအထဲမှာ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါတွေ ပါဝင်ပါတယ်။ သွေးကြောရောဂါဆိုတဲ့နေရာမှာ သွေးကြောတွေ ကျဉ်းတာ၊ ပိတ်တာတွေ ဖြစ်တာကို ဆိုပါတယ်။ ဒီအခါမှာ နှလုံးသွေးကြောပိတ်တာ၊ နှလုံးအောင့်တာနဲ့ လေဖြတ်တာတွေ ဖြစ်လာပါတယ်။ နှလုံးရောဂါကကျတော့ နှလုံးရဲ့ ကြွက်သားတွေ၊ အဆို့ရှင်တွေကို ထိခိုက်ပြီး နှလုံးခုန်နှုန်း မမြန်တာတွေ ဖြစ်ပေါ်စေပါတယ်။
>> သူ့ရဲ့ ရောဂါလက္ခဏာတွေက -
● ရင်ဘတ်အောင့်တာ
● ခြေတွေ လက်တွေ နာတာ၊ ထုံတာ၊ အားမရှိတာ
● အသက်ရှူမဝတာ
● နှလုံးခုန်နှုန်း နှေးတာ၊ မြန်တာ၊ ရင်တုန်တာ
● ခေါင်းမူးတာ၊ သတိလစ်တာ
● ပင်ပန်းနွမ်းနယ်တာ
● ခြေတွေ လက်တွေ ဖောတာ စတာတွေ ခံစားရနိုင်ပါတယ်။
>> နှလုံးသွေးကြောရောဂါတွေ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ -
● ဆေးလိပ်သောက်တာ
● စိတ်ဖိစီးမှုတွေ များတာ
● အရက်သောက်တာ
● သွေးတိုးတာ
● ကိုယ်တွင်း ကိုလက်စထရောများတာ
● ကိုယ်လက်လှုပ်ရှားမှုမရှိတာ
● ကိုယ်အလေးချိန် များတာ၊ အဝလွန်တာ
● ဆီးချိုရောဂါရှိတာ
● မိသားစုထဲမှာ နှလုံးရောဂါရှိတာ
စတာတွေ ဖြစ်ပါတယ်။
အမျိုးသားတွေက ပိုပြီးစောစော ဖြစ်နိုင်သလို အသက်ကြီးရင်လည်း ပိုဖြစ်နိုင်ပါတယ်။
>> နှလုံးသွေးကြောရောဂါကို ဘယ်လိုရှာဖွေကြမလဲ?
● သွေးတွေ စစ်ရမယ်
● ရင်ဘတ် ဓာတ်မှန်ရိုက်ရမယ်
● ECG ဆွဲရမယ်
● နှလုံးဓာတ်မှန် ရိုက်ရမယ်
● နောက်ဆုံးလိုအပ်ရင် ကွန်ပျူတာဓာတ်မှန်တွေ၊ သံလိုက်ဓာတ်မှန်တွေ ရိုက်ဖို့ လိုပါတယ်။
>> ဘယ်လိုတွေ ကုသလို့ရလဲ?
ကိုယ့်ရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသမှုတွေက ကွာခြားပါတယ်။
● နေထိုင်လှုပ်ရှားမှု၊ စားသောက်ပုံတွေကို ပြောင်းလဲရမယ်
● သောက်ဆေးပေးမယ်
● နှလုံးခုန်မှန်အောင် စက်ထည့်တာမျိုး လုပ်မယ်
● နှလုံးအဆို့ရှင် လဲလို့ရမယ်
● လိုအပ်ရင် နှလုံးခွဲစိတ်မှု လုပ်လို့ရပါတယ်။
Dr. Htar (www.drmyanmar.com)















