နှလုံးရပ်တန့်ခြင်းအကြောင်း သိကောင်းစရာ
Cardiac arrest လို့ ဆေးပညာအရခေါ်ဆိုတဲ့ နှလုံးရပ်တန့်ခြင်းကို တနည်းအားဖြင့် နှလုံးနှင့်အဆုတ်ရပ်တန့်ခြင်း သို့မဟုတ် သွေးလှည့်ပတ်မှုရပ်တန့်ခြင်းလို့လည်း တင်စားခေါ်ဆိုနိုင်ပါတယ်။
နှလုံး၏လုပ်ငန်းဆောင်တာများ ရပ်တန့်သွားခြင်းကြောင့် နှလုံးမှသွေးညှစ်ခြင်း မပြုလုပ်နိုင်တော့ဘဲ ရုတ်တရက် သွေးလှည့်ပတ်မှုပြတ်တောက်ခြင်းကို နှလုံးရပ်တန့်ခြင်းလို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။
>> နှလုံးရပ်တန့်သောအခါ နောက်ဆက်တွဲ ဘယ်လိုလက္ခဏာများ ပြသမလဲ?
(၁) သွေးလှည့်ပတ်မှုရပ်ခြင်းကြောင့် ကိုယ်ခန္ဓာ အသက်ရှင်ဖို့ လုပ်ဆောင်နေသော အရေးကြီး အစိတ်အပိုင်းတွေဆီသို့ အောက်ဆီဂျင်ပို့ဆောင်မှု ရပ်တန့်စေပါတယ်။ အမြန်ဆုံးထိခိုက်တဲ့ အစိတ်အပိုင်းကတော့ ဦးနှောက်ဖြစ်ပါတယ်။ သတိလစ်ခြင်းနှင့် အသက်ရှူနှေးခြင်း ဖြစ်စေပါတယ်။
၅ မိနစ်ထက်ပိုပြီး နှလုံးရပ်တန့်ပါက ရာသက်ပန် ဦးနှောက်ပျက်စီးခြင်းဖြစ်ပေါ်နိုင်ပါတယ်။
(၂) လည်ပင်း၊ လက်ကောက်ဝတ်နှင့် ခြေကျင်းဝတ်ရှိ သွေးခုန်နှုန်းများ စမ်းမရတော့ပါ။
(၃) နှလုံးရပ်တန့်ခြင်းကြောင့် ရုတ်တရက် နှလုံးသေဆုံးခြင်း ဖြစ်စေပါတယ်။
>> ဖြစ်ပေါ်စေသော အကြောင်းရင်းများ
● နှလုံးထိခိုက်ခြင်း (သို့) နှလုံးကြွက်သားပုတ်ခြင်း
● မွေးရာပါ နှလုံးပုံစံမမှန်ခြင်း
● နှလုံးတုန်ခြင်း
● နှလုံးကြွက်သားဆိုင်ရာရောဂါ
● ပြင်းထန်သောပိုးဝင်ခြင်း
● ဆေးများ အလွန်အကျွံသောက်ခြင်း
● ကြီးမားသောဒဏ်ရာများကြောင့် သွေးထွက်လွန်ခြင်း
● နောက်ဆုံးအဆင့်ကင်ဆာ
● ကိုယ်ပူချိန်မြင့်လွန်းခြင်း သို့မဟုတ် နိမ့်လွန်းခြင်း
● သွေးတွင်းပိုတက်စီယမ် များလွန်းခြင်း (သို့) နည်းလွန်းခြင်း
● အောက်ဆီဂျင် အလွန်အမင်းပြတ်တောက်ခြင်း
● အဆုတ်သွေးကြောအတွင်း သွေးခဲပိတ်ခြင်း
>> အနီးတွင် နှလုံးခုန်ရပ်သူတစ်ယောက်ကို တွေ့ရှိပါက ဘာလုပ်သင့်လဲ?
● အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်း Defibrillator စက်ဖြင့် နှလုံးနှိုးခြင်းမပြုလုပ်နိုင်ပါက တစ်မိနစ်ကို ၁၀ ရာနှုန်းလောက် ရှင်သန်နိုင်နှုန်းကျဆင်းပါလိမ့်မယ်။
● စက်ဖြင့် နှလုံးနှိုးခြင်းပြုလုပ်နေစဉ် CPR နည်းစဉ်ဖြင့် အသက်ရှူနိုင်ဖို့ နှိုးဆော်ပေးရမှာ ဖြစ်ပါတယ်။ CPR ပြုလုပ်ဖို့အတွက်
** ABC သုံးချက်ကို စစ်ဆေးပါ။
* A ကတော့ Airway လို့ခေါ်တဲ့ လေဝင်ပါက်ကိုဖွင့်ပေးဖို့ဖြစ်ပါတယ်။ ခေါင်းကို အပေါ်မော့ထားပြီး မေးစေ့ကို မထားပါ။ လေဝင်ပေါက်ပိတ်နေသော အရာများကို ဖယ်ရှားပါ။
* B ကတော့ Breathing ဖြစ်တဲ့ အသက်ရှူနေလားဆိုတာ စစ်ဆေးပါ။
* C ကတော့ Circulation ဖြစ်ပြီး သွေးလှည့်ပတ်မှုရစေဖို့ နှလုံးကို CPR ပြုလုပ်ခြင်းဖြင့် ကြိုးစားရမှာဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















