နှလုံးရောဂါရှိပေမယ့် ဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါတယ်
နှလုံးကောင်းစွာ အလုပ်မလုပ်တော့ဘူးဆိုတာ နှလုံးကျရှုံးခြင်း မဟုတ်သလို နှလုံးခုန်တာ ရပ်တန့်သွားခြင်းမျိုးလည်း မဟုတ်ပါဘူး။ အမှန်မှာ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်မျိုးနဲ့ အသက်ရှင်နေထိုင်ခြင်းလို့ပဲ အဓိပ္ပာယ်ဖွင့်ဆိုရမှာ ဖြစ်ပါတယ်။
နှလုံးရောဂါဟူသည် နှလုံးရဲ့လုပ်ဆောင်မှုတွေ ချို့ယွင်းသွားတာဖြစ်ပြီး လုံး၀အလုပ်မလုပ်တော့တာ မဟုတ်တာကြောင့် နှလုံးကျရှုံးခြင်းလို့ ခေါ်ေဝါ်တာက မှားယွင်းနေပါတယ်။
နှလုံးရောဂါ ရှိနေပြီလို့ ဆိုလိုက်တာနဲ့ တစ်ပြိုင်နက် ဘ၀ဟာ အဓိပ္ပာယ်မဲ့သွားတာ မဟုတ်ပါဘူး။ ဘ၀ဆိုတာ မရေရာ၊ မသေချာမှုတွေနဲ့ အမြဲပြည့်နှက်နေတဲ့အတွက် နှလုံးရောဂါ ခံစားရတာလောက်နဲ့တော့ လူမှုပတ်၀န်းကျင်ကနေ သွေဖယ်မသွားနိုင်ပါဘူး။
အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးပါက နှလုံးရောဂါေ၀ဒနာရှင်များဟာ အခြားသူများနည်းတူ ကျန်းမာသန်စွမ်းတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
1. ရောဂါေ၀ဒနာရယ်လို့ ခံစားမနေပါနဲ့
နှလုံးရောဂါ ခံစားနေရပြီဆိုပြီး ထိုရောဂါအကြောင်းပဲ အမြဲတွေးနေတာမျိုး မလုပ်ပါနဲ့။ အရာရာကို အကောင်းမြင်စိတ် မွေးနိုင်ဖို့သာ ပဓာန ဖြစ်ပါတယ်။
2. ဆေးမှန်မှန် သောက်ပါ
စောစီးစွာ ကုသမှုခံယူခြင်းဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဆရာ၀န်မှ ညွှန်ကြားပေးနိုင်မယ့် ဆေးအချို့ကတော့ -
• ACE Inhibitors - သွေးကြောများကို ကျယ်စေခြင်းကြောင့် သွေးတွင်းဖိအား ကျဆင်းစေကာ နှလုံးအပေါ်တွင် သက်ရောက်မှု အားနည်းသွားစေနိုင်ပါတယ်။
• Beta-blockers - သွေးတွင်းဖိအား ကျဆင်းလေလေ နှလုံးခုန်နှုန်း နှေးလေလေ ဖြစ်ပါတယ်။
• Digoxin - နှလုံးကြွက်သားများရဲ့ ညှစ်အားကိုကောင်းစေ၍ နှလုံးခုန်နှုန်းကို နှေးစေပါတယ်။
• Diuretics - ဆီးဆေးလို့ လူသိများကြပါတယ်။
• Angiotensin receptor blockers (ARBs) - သွေးကြောများကို ကျယ်စေတာကြောင့် နှလုံးရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။
• Isosorbidedinitrate/hydralazine - သွေးကြောများကို ကျယ်စေပါတယ်။
အထက်ပါဆေးဝါးများ သောက်သုံးခြင်းဖြင့် -
• အသက်ရှည်စေခြင်း
• မောပန်းမှုကို ကာကွယ်ပေးခြင်း
• ခွန်အားတိုးစေခြင်း
• ခန္ဓာကိုယ်ကို တက်ကြွလန်းဆန်းစေခြင်း
• ရောင်ရမ်းမှုကို သက်သာစေခြင်း
• ဆေးရုံတက်ရောက်ရန် မလိုအောင် ကူညီပေးနိုင်ခြင်း
စတဲ့ အကျိုးကျေးဇူးများကို ခံစားရစေနိုင်ပါတယ်။
3. ဆေးကုသမှု ပုံမှန်ခံယူပါ
ဆရာ၀န်နှင့် အမြဲတစေ ဆွေးနွေးမှုများကို ပြုလုပ်သင့်ပါတယ်။
4. အရာအားလုံးကို မလုပ်ဆောင်နိုင်ပေမယ့် မိမိလုပ်နိုင်တဲ့ အရာတွေအားလုံးကိုတော့ လုပ်ဆောင်ပါ
နှလုံးရောဂါေ၀ဒနာရှင်တွေဟာ မောပန်းလွယ်ခြင်း၊ မူးေ၀ခြင်းနဲ့ အသက်ရှူမ၀ခြင်းေ၀ဒနာတွေကို မကြာခဏ ခံစားရတတ်ပါတယ်။ ဒါကြောင့် တစ်နေကုန် အိပ်ရာထဲလှဲနေဖို့ မလိုအပ်ပေမယ့် အချိန်တိုင်း အနားယူဖို့လိုသလို အိပ်ရေး၀အောင် အိပ်ဖို့လည်း အရေးကြီးပါတယ်။ မိမိလုပ်ဆောင်နိုင်တဲ့အရာတွေကိုတော့ တတ်နိုင်သမျှ သက်သောင့်သက်သာ အနေအထားဖြင့် ရွေးချယ်လုပ်ဆောင်သင့်ပါတယ်။
5. လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ
လမ်းလျှောက်ခြင်း၊ အနီးအနား ပတ်၀န်းကျင်သို့ သွားရောက်လည်ပတ်ခြင်း စတာတွေကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။ အစပိုင်းမှာ ဖြည်းဖြည်းမှန်မှန်နဲ့ မောပန်းမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားသင့်ပါတယ်။
6. ဆားဓာတ် စားသုံးခြင်းကို လျှော့ချ၍ ကိုယ်အလေးချိန်ကို ထိန်းထားပါ
အငန်ဓာတ် လွန်ကဲတဲ့ အစားအသောက်တွေကို အများကြီးစားသုံးခြင်းဟာ ရေကို ဆွဲထားစေတာကြောင့် နှလုံးပေါ်၌ ဖိအားများစေပါတယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းကြီး၏ အဆိုအရ တစ်နေ့လျှင် ဆိုဒီယမ်ဆားဓာတ် 1500 မီလီဂရမ်ထက် မပိုသင့်ဘူးလို့ သိရပါတယ်။
>>ဘာတွေ လုပ်ဆောင်သင့်ပါသလဲ?
• မိမိစားမယ့် အစားအစာကို ဆားထပ်မထည့်ပါနဲ့။
• ဘယ်အစားအစာကိုမဆို အငန်ဓာတ်နည်းတဲ့ အမျိုးအစားကိုသာ ရွေးချယ်ပါ။
• အသားစိမ်းများ၊ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ အသီးအနှံ စတဲ့ ဆိုဒီယမ်ပါ၀င်မှု နည်းပါးတဲ့ အစားအစာတွေကိုသာ စားသုံးပါ။
• အစားအသောက် ပါ၀င်ပစ္စည်းများကို အမြဲတစေ ဖတ်ရှုလေ့လာပါ။
ကိုယ်အလေးချိန် အလျင်အမြန် တိုးလာပါက (ဥပမာ - တစ်နေ့လျှင် 2 ပေါင်၊ တစ်ပတ်လျှင် 4 ပေါင်) ဆရာ၀န်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။ နှလုံးရောဂါ အခြေအနေကို ပိုဆိုးစေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်တဲ့အတွက် နေ့တိုင်းပုံမှန် ကိုယ်အလေးချိန်ဖို့ တိုက်တွန်းထားပါတယ်။
ထို့ပြင် ခြေထောက်၊ ခြေကျင်း၀တ်၊ ခြေသလုံးနဲ့ လက်တွေမှာ ရောင်ရမ်းခြင်း ရှိ၊ မရှိကို အမြဲတစေ ကြည့်ရှုစစ်ဆေးပါ။ အကြောင်းမှာ အရည်တွေ စုပြုံလာတဲ့လက္ခဏာတစ်ခုဖြစ်ပြိး နှလုံးကောင်းစွာ အလုပ် မလုပ်တော့ဘူးဆိုတာ အချက်ပေးတဲ့ သဲလွန်စတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
စွပ်ပြုတ်သောက်တာ အပါအ၀င် တစ်နေ့မှာ ရေဘယ်လောက် သောက်လဲဆိုတာသိဖို့ လိုအပ်ပါတယ်။ ရေတစ်ခွက်ပြီးတစ်ခွက် သောက်တာမျိုး၊ လက်ဖက်ရည်ကြမ်း သောက်တာမျိုးတွေဟာ ခန္ဓာကိုယ်မှ အရည်တွေကို ကြိုးစားပြီး စွန့်ထုတ်နေရတဲ့အချိန်မျိုးမှာ လုံး၀မပြုလုပ်သင့်တဲ့ အရာမျိုးတွေပဲ ဖြစ်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)















