/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/နှာခေါင်းပိုက်နဲ့-အစာကျွေးရတဲ့သူတွေကို-အိမ်မှာ-ဘယ်လိုဂရုတစိုက်

နှာခေါင်းပိုက်နဲ့ အစာကျွေးရတဲ့သူတွေကို အိမ်မှာ ဘယ်လိုဂရုတစိုက် စောင့်ရှောက်ကြမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဆေးရုံတွေမှာ လေဖြတ်နေတဲ့သူတွေ၊ ခွဲခန်းဝင်တဲ့သူတွေ စတဲ့ လူနာတွေကို နှာခေါင်းပိုက် တပ်တာ မြင်ဖူးကြမှာပါ။ နှာခေါင်းပိုက် ဆိုတာကတော့ နှာခေါင်းထဲကနေ ထည့်ပြီးတော့ အစာပြွန်ထဲကနေတစ်ဆင့် အစာအိမ်ကို ထည့်ပေးထားတာပါ။ ဒီပိုက်ကနေပြီးတော့ အစာတွေနဲ့ ဆေးတွေပေးလို့ ရပါတယ်။ အထူးသဖြင့်တော့ လေဖြတ်နေတဲ့သူတွေ၊ တခြားပါးစပ်ကနေပြီးတော့ အစာစားလို့ မရတဲ့သူတွေမှာ နှာခေါင်းပိုက်ကနေတစ်ဆင့် အစာတွေကျွေး၊ ဆေးတွေတိုက် ရပါတယ်။

          ဒီလို နှာခေါင်းပိုက် အကြာကြီး ထည့်ထားရတဲ့သူကို ဘယ်လိုပြုစုရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

          ကိုယ့်ရဲ့ကလေးမှာ နှာခေါင်းပိုက် တပ်ထားတယ်ဆိုရင် ကလေးက နှာခေါင်းပိုက်ကို သွားထိမနေအောင်၊ ဆွဲမထုတ်အောင်လို့ သတိထားရပါမယ်။

          ဆေးရုံမှာလည်း သူနာပြုဆရာမက နှာခေါင်းပိုက်ကို ဘယ်လိုဆေးရမလဲ၊ ပိုက်တပ်ထားတဲ့နေရာနားက အရေပြားလေးကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို နေ့စဉ်လုပ်ရမယ့် တာဝန်တွေအနေနဲ့ ချရေးထားဖို့ လိုပါတယ်။

 

>>    နှာခေါင်းပိုက်ကို ဆေးကြောခြင်း

          ပိုက်ထဲမှာ အစာတွေ တစ်ခုခု ပိတ်မနေအောင် နှာခေါင်းပိုက်ထဲကို ရေထည့်ပြီးတော့ ဆေးပေးဖို့ လိုပါတယ်။ နှာခေါင်းပိုက်နဲ့ အစာကျွေးပြီးတိုင်းမှာ ဆေးပေးပါ (သို့) သူနာပြုဆရာမ ညွှန်ကြားတဲ့အတိုင်း ဆေးပေးပါ။ ဘယ်လိုဆေးရမလဲဆိုရင် -

●        ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့လက်တွေကို ရေ၊ ဆပ်ပြာတို့နဲ့ စင်ကြယ်အောင် ဆေးပါ။

●        နှာခေါင်းပိုက်ကနေ အစာကျွေးပြီးပြီဆိုရင် အစာကျွေးတဲ့ ဆေးထိုးအပ်ထဲကို ရေနွေးနွေးလေး ထည့်ပြီးတော့ သူ့ဟာသူ စီးဆင်းပါစေ။

●        ရေမကျဘူးဆိုရင် ဆေးထိုးအပ်ကိုင်တဲ့ပုံစံ ပြောင်းကြည့်ပါ။ ပြီးရင် ဆေးထိုးအပ်ကို ငြင်ငြင်သာသာလေးနဲ့ တစ်ဝက်လောက်ပဲ ဖိပါ။ ဆေးထိုးအပ်ကို အရမ်းမြန်မြန်ကြီး ဖိချတာ၊ အဆုံးထိ ဖိချတာမျိုး မလုပ်ပါနဲ့။

●        ဆေးထိုးအပ်ကို ဖယ်လိုက်ပါ။

●        နှာခေါင်းပိုက်အဖုံးလေးကို ပိတ်လိုက်ပါ။

 

>>    နှာခေါင်းပိုက် တပ်ထားတဲ့နေရာက အသားလေးကို ဘယ်လိုဂရုတစိုက် ထိန်းသိမ်းပေးရမလဲ?

●        နှာခေါင်းပိုက်နဲ့ အစာကျွေးပြီးတိုင်း ရေနွေး၊ အဝတ်စနုနုလေးနဲ့ နှာခေါင်းပိုက်နားက အသားလေးကို ပွတ်တိုက်ပြီးတော့ သန့်ရှင်းပေးပါ။ နှာခေါင်းထဲက နှပ်ချေးတွေ ကပ်နေတဲ့အရာတွေကို ဖယ်ပေးပါ။

●        နှာခေါင်းက ပတ်တီးစ၊ ပလာစတာ စတာတွေကို ဖယ်တဲ့အခါမှာ အဆီလေး (သို့) ချောဆီလေးနဲ့ အရင် ကွာအောင်နူးပြီးမှ ဖြည်းဖြည်းချင်း ခွါထုတ်ပါ။ ပြီးရင် နှာခေါင်းက အဆီတွေကို ဆေးကြောသန့်စင်ပေးပါ။

●        နှာခေါင်းပိုက် တပ်ထားတဲ့နားက အသားမှာ နီလာတာ၊ အနာဖြစ်လာတာတွေ တွေ့ရင် နှာခေါင်းပိုက်ကို တခြားနှာခေါင်းပေါက်ထဲကို ပြောင်းထည့်ကြည့်ပါ။

 

>>    ဘယ်အချိန်မှာ ဆရာဝန်ပြန်ပြဖို့လိုလဲ?

●        နှာခေါင်းပေါက် နှစ်ဖက်လုံးမှာ နီတာ၊ ရောင်တာ၊ အနာဖြစ်တာတွေ တွေ့ရင်

●        နှာခေါင်းပိုက်ထဲမှာ ပိတ်နေပြီးတော့ ရေနဲ့ ထိုးချလည်း ပိတ်နေရင်

●        နှာခေါင်းပိုက် ပြုတ်ထွက်သွားရင်

●        အန်ရင်

●        ဗိုက်ကြီး ဖောင်းပြီး တင်းလာရင်  စတာတွေဖြစ်လာရင် ဆရာဝန်နဲ့ ပြန်ပြဖို့လိုပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)