ပဋိဇီဝပိုးသတ်ဆေးများကို ကြာရှည်စွာစွဲသောက်သော အမျိုးသမီးများ နှလုံးရောဂါနှင့် လေဖြတ်နိုင်ချေ များပြား
အသက် ၄၀ နှင့်အထက် အမျိုးသမီးများ ပိုးသတ်ဆေးများကို ၂ လနှင့်အထက် စွဲသောက်ပါက နှလုံးနှင့်သွေးကြောရောဂါများ ဖြစ်နိုင်ချေပိုများလာကြောင်း စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ ပိုးသတ်ဆေးကြောင့် အူမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားများ သေဆုံးသွားပြီး ရောဂါပိုးမွှားများ ဝင်ရောက်လာတဲ့အခါ မတားဆီးနိုင်တော့တဲ့အတွက် ခန္ဓာကိုယ်ရှိ သွေးကြောများ ရောင်ရမ်းလာပြီး လေဖြတ်ခြင်းနဲ့ နှလုံးရောဂါများ ဖြစ်လာရခြင်း ဖြစ်ပါတယ်။
ပိုးသတ်ဆေးတွေကို အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဆီးလမ်းကြောင်းဆိုင်ရာရောဂါနဲ့ သွားနှင့်သွားဖုံးရောဂါတွေအတွက် အများဆုံး သောက်သုံးဖြစ်ကြပါတယ်။
စစ်တမ်းကို အသက် ၄၀ မှ ၅၉ နှစ်နဲ့ အသက် ၆၀ နှင့်အထက် အမျိုးသမီးများကို ပိုးသတ်ဆေး လုံးဝမသောက်သုံးသူများ၊ ၁၅ ရက်ထက်မပိုသူများ၊ ၁၅ ရက်မှ ၂ လထိ သောက်သုံးသူများနဲ့ ၂ လအထက် သောက်သုံးသူများဆိုပြီး အုပ်စု (၄) စုခွဲကာ (၂၀၀၄) ခုနှစ်မှ (၂၀၁၄) ခုနှစ်အထိ ကောက်ယူခဲ့ပါတယ်။
တွေ့ရှိချက်အရ ပိုးသတ်ဆေးများကို ၂ လနှင့်အထက် သောက်သုံးသော အသက် ၄၀ ကျော် အမျိုးသမီးများဟာ ပိုးသတ်ဆေးမသောက်တဲ့ ၄၀ ကျော်အမျိုးသမီးတွေထက် ရောဂါဖြစ်နှုန်း ၃၂ ရာခိုင်နှုန်း ပိုများပါတယ်။ အသက် ၄၀ အောက် သက်လတ်ပိုင်းအမျိုးသမီးတွေမှာတော့ ၂၈ ရာခိုင်နှုန်း ပိုများပါတယ်။
ဒါဟာ လေဖြတ်နဲ့နှလုံးရောဂါများကို ပိုးသတ်ဆေးမသောက်တဲ့ အသက် ၄၀ ကျော် အမျိုးသမီး အယောက် ၁၀၀၀ မှာ ၃ ယောက် တွေ့ရပြီး ပိုးသတ်ဆေးကို ၂ လအထက် စွဲသောက်တဲ့အမျိုးသမီး အယောက် ၁၀၀၀ မှာ ၆ ယောက်နီးပါးက ဒီရောဂါတွေ ဖြစ်နိုင်တယ်လို့ ပြနေတာပဲ ဖြစ်ပါတယ်။
ဒီစစ်တမ်းက ပိုးသတ်ဆေးနဲ့ ထိုရောဂါများ ဆက်နွယ်မှုရှိတယ်ဆိုရုံသာ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ မကောက်ယူလိုက်နိုင်တဲ့ အခြားသောအချက်အလက်များလည်း ရှိနေနိုင်ပါတယ်။
သေချာတဲ့အချက်ကတော့ ပိုးသတ်ဆေးတွေကို မဖြစ်မနေ လိုအပ်တဲ့အချိန်မှသာ သောက်သုံးသင့်ကြောင်းပဲ ဖြစ်ပါတယ်။
(ယခုစစ်တမ်းမှာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအမျိုးသမီးတွေအပေါ်မှာသာ ကောက်ယူထားတဲ့စစ်တမ်းဖြစ်ပြီး ကလေးငယ်များနဲ့ အမျိုးသားများအတွက် မပါဝင်ပါ)
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
















