/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ရောဂါကို-စနစ်တကျ-ထိန်းထားနိုင်စေဖို့

ပန်းနာရင်ကြပ်ရောဂါကို စနစ်တကျ ထိန်းထားနိုင်စေဖို့ ...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပန်းနာရင်ကြပ်ဆိုတာက နာတာရှည်ရောဂါတစ်ခုပါ။ ကောင်းကောင်း ထိန်းထားနိုင်မယ်ဆိုရင် ပုံမှန်နေထိုင်နိုင်မှာပါ။ အောက်ပါအချက်တွေက ပန်းနာရင်ကြပ်ကို ကောင်းကောင်း ထိန်းမထားနိုင်ဘူးဆိုတာကို ပြပါတယ်။

●        ချောင်းဆိုး၊ အသက်ရှူရင် အသံမြည်လို့ တစ်ညလုံး ကောင်းကောင်း မအိပ်ရခြင်း

●        ပန်းနာရင်ကြပ်ထလို့ အရေးပေါ်ခန်းကို မကြာခဏ သွားရခြင်း

●        ပုံမှန်လှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ခြင်း

●        ပန်းနာရင်ကြပ်လက္ခဏာတွေ ပေါ်လာလို့ ကျောင်း (သို့) အလုပ် ခဏခဏပျက်ခြင်း

●        ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာမလိုက်နာခြင်း

          ပန်းနာရင်ကြပ်ရှိပြီဆိုရင် ပန်းနာရင်ကြပ်ထပြီး ခဏခဏ ဆေးရုံမသွားရဖို့၊ အဆုတ်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့၊ ဘဝအရည်အသွေး တက်စေဖို့အတွက် သေချာကုသမှု ခံယူပြီးတော့ ထိန်းချုပ်ထားနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ ပန်းနာရင်ကြပ်ရှိသူတွေအတွက် အရေးကြီးတဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

1.      ဆရာဝန် ညွှန်ကြားထားတဲ့ဆေးတွေကို နေ့စဉ်သောက်ပါ။

          သောက်ဆေး၊ ပါးစပ်ကနေ ရှူတဲ့ဆေးတွေ ရှိပါတယ်။ ရင်ကြပ်မထစေဖို့၊ ရောဂါ မခံစားရဖို့အတွက် ဒီဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သေချာသောက်ဖို့ အရေးကြီးပါတယ်။

 

2.      ပန်းနာရင်ကြပ်ကို ပိုဆိုးစေတဲ့အရာတွေကို ရှောင်ပါ။

          ရှောင်ဖို့ဆိုရင် အရင်ဆုံးက ဘာတွေကြောင့် ပိုကြပ်တတ်လဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်အချိန်မှာ ရောဂါလက္ခဏာ ပိုဆိုးလဲ၊ ဘယ်အရာနဲ့ ထိတွေ့မှုများလဲ ဆိုတာကို မှတ်ထားဖို့ လိုပါတယ်။

        ရင်ကြပ်တာကို အဖြစ်များစေတဲ့ အရာတွေကတော့ -

●        ကိုယ်လက်လှုပ်ရှားမှု

●        တုပ်ကွေး၊ အအေးမိခြင်းစတဲ့ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း

●        တိရစၧာန်အမွေးတွေ

●        ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ မှိုစတဲ့အရာတွေ

●        လေအေး၊ လေထုညစ်ညမ်းမှုစတဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေ

          အကုန်လုံးကိုတော့ ရှောင်ဖို့မဖြစ်နိုင်ပေမယ့်လည်း တော်တော်များများကတော့ ရှောင်လု့ိရပါတယ်။

 

3.      ပန်းနာရင်ကြပ်အတွက် ကိုယ်ပိုင်အစီအစဉ် ဆွဲပါ။

          ဘာတွေ ဆွဲထားသင့်သလဲ ဆိုရင်တော့ -

●        ဆေးကို ဘယ်အချိန်တွေမှာ သောက်မယ်။

●        လက္ခဏာ ပိုဆိုးလာရင် (သို့) ပန်းနာရင်ကြပ်ထရင် ဘာတွေလုပ်ဖို့ လိုတယ်။

●        အရေးပေါ်ကုသမှု ဘယ်အချိန်မှာ ရယူသင့်တယ်။

●        အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ စတာတွေကို သေချာရေးထားရပါမယ်။

          ကိုယ့်ကလေးမှာ ပန်းနာရင်ကြပ် ရှိတယ်ဆိုရင် ဒါကို မိတ္တူကူးပြီးတော့ ကလေးထိန်းဆရာမ၊ ဆရာမ၊ နေ့ကလေးထိန်းကျောင်း၊ အမျိုးတွေကို ပေးထားဖို့ လိုပါတယ်။

 

4.      Peak flow meter သုံးပါ။

          ဒါကတော့ အဆုတ်ကနေ လေတွေ လှုပ်ရှားမှုကို တိုင်းတာခြင်းအားဖြင့် အဆုတ်ရဲ့လုပ်ဆောင်မှုကို စောင့်ကြည့်နိုင်တဲ့ ကိရိယာပါ။ ဒီအတိုင်းအတာကို သိရင် ကိုယ့်ရဲ့ ကုထုံးတွေကို ထိန်းညှိလို့ ရပါတယ်။ သုံးနည်းကိုတော့ ဆရာဝန်က ပြပါလိမ့်မယ်။

 

5.      တခြားကျန်းမာရေးပြဿနာတွေ ရှိရင်လည်း သေချာကုပါ။

        ပန်းနာရင်ကြပ်ကို သက်ရောက်မှုရှိနိုင်တဲ့ တခြားတွဲရှိနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကတော့ -

●        ဓာတ်မတည့်ပြီး နှာရည်ယို၊ နှာစေးခြင်း

●        အဝလွန်ခြင်း

●        အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း

●        နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သောရောဂါ

●        စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေများ

          ပန်းနာရင်ကြပ်ဖြစ်တဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့အတွက် ဆရာဝန်နဲ့ ပုံမှန်ပြပြီးတော့ ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)