/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပါးစပ်မှာ-ဘာကြောင့်အနာပေါက်ရတာလဲ

ပါးစပ်မှာ ဘာကြောင့်အနာပေါက်ရတာလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            လျှာနှင့်ခံတွင်းတွေမှာ အဖြူကွက်လိုမျိုး အနာလေးတွေ ပေါက်လေ့ရှိပြီး ဒါကို အပူကန်နာလို့လည်း ခေါ်လေ့ရှိကြပါတယ်။ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာနဲ့ အပူအစပ် အစားအစာတွေစတဲ့ အကြောင်းအရင်းအမျိုးမျိုးကြောင့် ဒီလိုအနာတွေ ဖြစ်တတ်ပါတယ်။

1. အပူကန်နာကို ဖြစ်စေသော အစားအစာများ

            ပူလွန်းစပ်လွန်းသော အစားအစာများ၊ အက်ဆစ်ဓာတ်ပါသော အစားအစာများ၊ အချဉ်ဓာတ်ပါသော အသီးများ စားသုံးခြင်းကြောင့် လျှာမှာ အနာပေါက်စေပါတယ်။ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူ စတာတွေကို အလျင်စလို သောက်တဲ့အခါမှာလည်း လျှာကို အပူလောင်ပြီးတော့ အနာဖြစ်စေပါတယ်။ အစားအစာ ပုံမှန်မစားခြင်း၊ အာဟာရဓာတ် ချို့တဲ့ခြင်း၊ ဗီတာမင် B12၊ ဖော်လစ်အက်ဆစ်နဲ့ သံဓာတ်နည်းခြင်းတွေကြောင့်လည်း အနာဖြစ်စေပါတယ်။ ချောကလက်၊ စတော်ဘယ်ရီ၊ ဥ၊ ဒိန်ခဲ၊ ကော်ဖီ၊ အခွံမာသီးတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ လျှာပေါ်မှာ အနာဖြစ်တတ်ပါတယ်။

 

2. ထိခိုက်ဒဏ်ရာ

            ချွန်ထက်တဲ့သွားတွေ၊ အံကပ်၊ သွားထိန်းကြိုးတွေနဲ့ တိုက်မိတာ များပြီးတော့ လျှာမှာ အနာဖြစ်များလေ့ရှိပါတယ်။ သွားတိုက်တံကို စနစ်တကျ အသုံးမပြုခြင်း၊ သွားပြင်းပြင်းထန်ထန် တိုက်ခြင်းတွေကြောင့်လည်း လျှာကို ထိခိုက်မိပြီးတော့ အနာဖြစ်စေနိုင်ပါတယ်။ သွားတိုက်တံအမွှေးလေးတွေ မာလာရင်၊ လျှာမှာအနာပေါက်ပြီး ပြန်ပျောက်သွားရင် သွားတိုက်တံကို အသစ်လဲပေးသင့်ပါတယ်။ တစ်ခါတလေမှာ လျှာကို မတော်တဆ သွားနဲ့ကိုက်မိခြင်း၊ အစားအစာတွေကြောင့် လျှာကိုထိရှမိခြင်းတွေကြောင့်လည်း အနာဖြစ်တတ်ပါတယ်။

 

3. စိတ်ဖိစီးမှုများ

            စာမေးပွဲအတွင်းမှာဆိုရင် ကျောင်းသား တော်တော်များများဟာဆိုရင် လျှာပေါ်မှာ အနာပေါက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုကြောင့်ပါပဲ။ စိတ်ဖိစီးမှုများသူတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ဒီလိုအနာတွေ ပိုပေါက်လေ့ရှိကြပါတယ်။ အိပ်ရေးမ၀တဲ့အခါမှာလည်း ကိုယ်ခံအားကျပြီးတော့ အနာပိုပေါက်တတ်ကြပါတယ်။

 

4. လျှာကင်ဆာ

            ဆေးလိပ်နှင့် အရက်တွေက ဒီအနာတွေကိုဖြစ်ဖို့ အားပေးပါတယ်။ တကယ်လို့ အနာတစ်ခုက ကျက်ဖို့အချိန် အရမ်းကြာနေတယ်ဆိုရင် ဒါက ပြင်းထန်တဲ့ နောက်ခံအကြောင်းအရင်းတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ လျှာကင်ဆာတွေမှာဆိုရင် လျှာပေါ်ကအနာတွေက ကျက်လေ့မရှိပါဘူး။ ဆေးလိပ်နဲ့ အရက် သောက်တဲ့သူတွေ၊ ခံတွင်းနဲ့သွား သန့်ရှင်းမှုမရှိတဲ့သူတွေမှာ ဒီလိုတွေ အဖြစ်များပါတယ်။

 

5. အခြားအကြောင်းအရာများ

            မိန်းကလေးတွေ ရာသီလာချိန်မှာ ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲ၊ အချို့သောဆေးများ၊ တီဘီနဲ့ ဆစ်ဖလစ် ကဲ့သို့သော ရောဂါတွေကြောင့်လည်း လျှာပေါ်မှာအနာတွေ ပေါက်လေ့ရှိပါတယ်။ ပါးပေါ်၊ လျှာပေါ်၊ နှုတ်ခမ်းပေါ်က အပူနာတွေကို အူရောင်ရောဂါနဲ့ Crohns Disease တွေမှာလည်း တွေ့ရပါတယ်။ တစ်ခါတလေ အစာအိမ်ထဲမှာ အနာဖြစ်ရင်လည်း လျှာမှာအနာ ဖြစ်တတ်ပါတယ်။ HIV ပိုး ကူးစက်ခံရတဲ့သူတွေမှာလည်း ခုခံအား ကျဆင်းပြီးတော့ ပါးစပ်ထဲမှာ အနာတွေ အများကြီး မကြာခဏပေါက်လေ့ရှိပါတယ်။ Behcet’s Disease လို့ခေါ်တဲ့ ရောဂါတစ်မျိုးမှာလည်း မျက်လုံးရောင်ခြင်း၊ လျှာနဲ့ မျိုးပွားအင်္ဂါတွေမှာ အနာပေါက်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)