ပူအိုက်တဲ့ညတွေကို ဘယ်လိုဖြတ်သန်းကြမလဲ
ဒီရက်ပိုင်းမှာ ရာသီဥတုက ပူအိုက်လာပြီနော့်။ သိပ်အိုက်တဲ့ ညတွေကို ဖြတ်သန်းရတာ အိပ်လည်း မပျော်ဘူးဆို စိတ်ညစ်စရာပါ။
ပထမဆုံးအနေနဲ့ ပူအိုက်တဲ့ရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုအိပ်ကြမလဲဆိုတာလေး ဗဟုသုတ မျှဝေပါရစေ။
နေ့ခင်းဘက်မှာ အိပ်ခန်းရဲ့ ပြတင်းပေါက်တွေ၊ တံခါးတွေကို ဒီတိုင်း ဖွင့်ထားတာ မှားပါသတဲ့။ နေ့ခင်းရဲ့ အပူရှိန်ဟာ အထဲကို ဝင်ရောက်ခိုအောင်းနေတတ်ပါတယ်။ ဒီတော့ နေ့လယ်နေ့ခင်း နေစပူလာတဲ့ အချိန်ကစလို့ လိုက်ကာထူထူ ဝါးလိုက်ကာလေးတွေ ချည်အပိတ်သားလိုက်ကာတွေနဲ့ နေပူရှိန် အခန်းထဲဝင်ရောက်မှုကို ကာကွယ်ထားစေလိုပါတယ်။
လိုက်ကာလေးတွေ ဆွဲကာထားပါ။ အိပ်ခန်းထဲကို နေရောင် ဖြာမကျနေစေပါနဲ့။ အပူတွေက ကြမ်းပြင်နဲ့ ချောင်တွေမှာ စုနေတတ်လို့ပါ။
ညနေ နေစောင်းလာပြီဆိုရင်ဖြင့် လိုက်ကာအထူတွေကို ဖယ်၊ ပြတင်းပေါက်တွေ အကုန်စဖွင့်လိုက်ပါတော့။ ညနေခင်းရဲ့ လေပြည်ညင်းလေး အိပ်ခန်းထဲကို ဝင်ရောက်လာပါစေ။ နေပူလည်း ကျသွားပြီဆိုတော့ တိုက်သမျှလေ ဝင်လာသမျှဓာတ်ဟာ အေးမြနေတော့မှာပါ။
ညနေခင်းမှာ နေအိမ်မှာရှိသမျှ ပြတင်းပေါက်တွေအားလုံး ဖွင့်ထားပြီး နေ့ခင်းမှာ အောင်းနေတဲ့ အပူတွေ ထွက်သွားပါစေ။
ကိုယ် သိပ်ပင်ပန်းပြီး လှဲချလိုက်မယ့် အိပ်ရာလေးဟာ အေးအေးမြမြလေး ဖြစ်သင့်တာပေါ့နော်။ ဂွမ်းစောင် အထူတွေ မွေ့ရာတွေအစား ဝါးဖျာလေးတွေ သင်ဖြူးဖျာချောလေးတွေနဲ့ အိပ်စေချင်ပါတယ်။ ပိုက်ဖျာတွေကလည်း ပူတာပါပဲ။ အသက်အရွယ်ကြီးတဲ့ လူကြီးသူမတွေကို အောက်ကမွေ့ရာအခံပေါ်မှာ သင်ဖြူးဖျာလေးခင်းပြီး သိပ်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အိပ်ရာဘေးမှာ ပန်ကာထားပြီး ပန်ကာကို မျက်နှာတည့်တည့်မှာထားပြီး တစ်ညလုံးဖွင့်အိပ်တာ အလွန်မှားပါတယ်။ ပန်ကာလေဟာ သဘာဝလေ မဟုတ်တဲ့အပြင် အအေးလွန်ပီး ခန္ဓာကိုယ် ညောင်းကိုက်တာ၊ ဇက်ကြောတက်တာ၊ ပန်ကာလေကြောင့် အသားအရေ ခြောက်သွေ့တာတွေ ဖြစ်လာမှာပါ။ ဒီတော့ ပန်ကာဖွင့်မယ်ဆို ပန်ကာကို နံရံဘက်ကို လှည့်လိုက်ပါ။ နံရံဘက်ကနေ ပြန်ကန်လာမယ့် လေကို အိပ်ရာကို ဦးတည်လာပါစေ။ တိုက်ရိုက်လေ မဟုတ်တဲ့အတွက် အအေးမျှတတာပေါ့။
ပန်ကာမရတော့ တစ်ညလုံး ပြတင်းပေါက် ဖွင့်အိပ်မယ်ပေါ့။ ဖွင့်မယ်ဆို ညအစောပိုင်းလေး ဖွင့်ထားပါ။ ကိုယ်အိပ်ပျော်ခါနီး ထပိတ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မနက် ၃ နာရီလောက်ဆိုရင် ခန္ဓာကိုယ်က နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့အချိန် အပူချိန် စကျလာပါတယ်။ ဒီအချိန်မှာ ပြတင်းပေါက် ဖွင့်ထားလို့ ပြင်ပလေ ထိတွေ့မှုပါ တောက်လျှောက် ရှိနေတဲ့အခါ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်ပြီး မနက်နိုးလာမှာ ဖြစ်ပါတယ်။
ညအိပ်ခါနီး ရေအေးအေးလေးနဲ့ ရေချိုးတာဟာ နွေညတွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ နည်းကောင်းတစ်ခုလို့ ဆိုပါရစေ။ ရေအေးလောင်းလိုက်တဲ့အခါ ခန္ဓာကိုယ်အပူချိန် ကျဆင်းသွားပြီး အေးမြသက်သာသွားတဲ့အတွက် အကြောတွေလျော့ပြီး အိပ်ပျော်သွားပါတယ်။
အိပ်ခါနီး ဘာစားလဲဆိုတာလဲ အရေးကြီးပါတယ်။ အိပ်ခါနီး နှစ်နာရီလောက်အတွင်း အစာစားထားရင် အစာခြေနေရတဲ့အတွက် ခန္ဓာကိုယ်က အပူထွက်လာပြီး ကသိကအောက် အိပ်ရခက်တတ်ပါတယ်။ အကောင်းဆုံးက နွေရာသီတွေဆို အိပ်ခါနီး နှစ်နာရီလောက်အတွင်း အစားမစားပါနဲ့။ မဖြစ်မနေ စားချင်နေရင်တော့ အရည်ရွှမ်းတဲ့ အသီးအနှံတွေဖြစ်တဲ့ ဖရဲသီး၊ စပျစ်သီး၊ လိမေ္မာ်သီး၊ ဆန်းကစ်သီးတွေ စားနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည် အေးအေးလေးတွေလည်း သောက်နိုင်ပါတယ်။
အခန်းထဲမှာ ကွန်ပျူတာ၊ စောင်းဘောက်တွေ၊ တယ်လီဖုန်းတွေရှိရင် အခန်းတွင်း အပူတက်ပါတယ်။ ဖြစ်နိုင်ရင် အိပ်ခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ မထားပါနဲ့။
မီးပိတ်အိပ်ပါ။ ဖန်မီးချောင်းတွေ၊ မီးလုံးတွေကလာတဲ့ အပူကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် တစ်ကိုယ်လုံး အဝတ်မပါဘဲ အိပ်တာဟာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုပါတယ်။ တစ်ကိုယ်လုံးမှာ အောင်းနေတဲ့ အပူတွေ ထွက်သွားပြီး အေးမြသွားစေလို့ ဖြစ်ပါတယ်။ ဝတ်အိပ်မှ ရမယ်ဆိုရင် ချည်ထည်ပါးပါးလေးတွေ ဝတ်အိပ်ပါ။
ဒီလောက်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နွေညတွေကို ဖြတ်သန်းဖို့ နည်းလမ်းလေးတွေ အထိုက်အလျောက် သိပြီထင်ပါတယ်။ အချုပ်အားဖြင့် ပြောရရင် တချို့အယူအဆတွေကို ဖယ်ရှားပြီး အယူအဆသစ်လေးတွေကို မှတ်သားလိုက်နာခြင်းဖြင့် အိပ်မပျော်သော နွေညများကို ရှောင်ကြပါစို့နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















