ပြီးပြည့်စုံသော လိင်ကျန်းမာမှုဘ၀ တည်ဆောက်ဖို့ အတူနှစ်သိမ့်ဆွေးနွေးကြပါစို့
ပြီးပြည့်စုံသော လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုဘ၀ဆိုတာ လိင်နှင့်ဆက်စပ်သော ကူးစက်ရောဂါများ ကင်းစင်ပြီး အတူနေတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြေပြစ်အဆင်ချော သာယာနေတာ ဖြစ်ပါတယ်။
ပြည့်စုံသာယာသော လိင်ဆက်ဆံမှုဘဝဟာ ဖိုမဆက်ဆံရေးမှာ သိပ်ကို အရေးပါနေပါတယ်။ ယောက်ျား၊ မိန်းမရယ်လို့ ဖြစ်လာကြပြီဆိုရင် လိင်ကျန်းမာရေးဆိုင်ရာ ဗဟုသုတကတော့ မဖြစ်မနေ လိုအပ်လျက် ရှိနေပါတယ်။ အတူနေဆက်ဆံရေး သာယာလှပဖို့ ဆိုတဲ့နေရာမှာ -
● ချစ်သူတွေအကြား ဆက်ဆံရေး
● အတူနေ လိင်ဆက်ဆံဖော်နှင့် ဆက်ဆံရေး
● ဇနီးခင်ပွန်းကြား ဆက်ဆံရေးတွေ အကုန်အကျုံး၀င်နေပါတယ်။
>> ပြည့်စုံသာယာသော လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတစ်ခုဆိုတာ ဘာလဲ?
● နှစ်ဦးနှစ်ဖက် နွေးထွေးလုံခြုံမှု ခံစားရတာ ရှိရမယ်
● ကျေနပ်သာယာမှုဆိုတဲ့ အထွတ်အထိပ်ကို နှစ်ဖက်လုံး ရောက်တာမျိုး
● တစ်ဖက်လူရဲ့ လိင်လိုအင်အတွက် အနိုင်ကျင့်ခံရတဲ့ အဖြည့်ခံ ခံစားချက် မဟုတ်တာမျိုး
● လိင်သာယာမှုအတွက် ကိုယ်ခန္ဓာကို ထိခိုက်နာကျင်စေတာတွေက ကင်းလွတ်နေတာ
● ဆက်ဆံဖော်အပေါ်မှာ လေးစားမှုရှိရှိ အကောင်းမြင်ဝါဒအပြည့် ထားရှိပေးတာ
● စောင့်ဆိုင်း စိတ်ရှည်ပေးတာ ကျေနပ်မှု ပြည့်ပြည့်၀၀ ရရှိတာတွေ အပြင်
● နူးညံ့ညင်သာစွာ အသာအယာ ပွေ့ဖက်ပေးတာတွေ ပါဝင်ပါတယ်။
သုတေသန စစ်တမ်းတစ်ခုအရ မသာယာတဲ့ အိမ်ထောင်ရေးတွေမှာ အဆင်မပြေဖြစ်ကြ၊ အကြောင်းမတိုက်ဆိုင်ကြတဲ့ ကွဲကွာကြရတဲ့ အကြောင်းအရင်းတွေထဲမှာ လိင်ဆက်ဆံမှု၊ ဘဝသာယာစိုပြေမှု မရှိတာဟာ ထိပ်ဆုံးက ပါဝင်နေပါသတဲ့။
မိမိနဲ့ အမျိုးသားအနေနဲ့ လိင်ဆက်ဆံမှုဘဝ မလှပဘူးဆိုရင် အဖြေရှာ တိုင်ပင်ဆွေးနွေးကြဖို့ ဘာလို့ နှေးကွေးနေကြမှာလဲ။ ဇနီး သို့မဟုတ် ခင်ပွန်းဆီက ရသင့်တဲ့ လိင်ကျေနပ်သာယာမှုကို တခြားလူဆီကနေ ရှာဖွေရယူသွားတတ်ကြတာလည်း ရှိ်နေတတ်ပါတယ်။
မြန်မာတွေက အရှက်အကြောက်ကြီးတာရယ်၊ မဖွင့်ဟရဲတာရယ်၊ မိမိလိုအင်ကို ဆက်ဆံဖော်ကို မပြောဝံ့တာတွေကြောင့် အမျိုးသမီးတွေဟာ လိင်သာယာမှုကို အပြည့်အ၀ ခံစားရတာ နည်းပါးပြီး နာကျင်မှုနဲ့သာ အဆုံးသတ်ရလေ့ ရှိပါတယ်။
အမျိုးသားတွေက လိင်သာယာမှု အထွတ်အထိပ်ရောက်ဖို့ လွယ်သလောက် အမျိုးသမီးတွေကို စိတ်ပါလာအောင် နူးညံ့ညင်သာစွာ ထိတွေ့ဆွဲဆောင်ပေးတာ၊ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးတာတွေကလည်း အင်မတန် အရာရောက်သော အချက်များ ဖြစ်ပါတယ်။
ဒီတော့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းဆိုတာ မဖြစ်မနေ လိုအပ်လာလေ့ ရှိပါတယ်။ တစ်ဦးကိုတစ်ဦး လိုအင်ပြည့်ဖို့ ကျေနပ်သာယာမှုအတွက် ဘာလုပ်ဆောင်ပေးရမလဲ ဆိုတာမျိုး အပြန်အလှန် အသိပေးပေးခြင်းဖြင့် ပြီးပြည့်စုံတဲ့ လေးစားမှု အပြည့်အဝရှိတဲ့ လိင်ဆက်ဆံမှုဘဝကို တည်ဆောက်ကြပါစို့။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)















