ပြောင်းဆန်အောင် ဆိုးတဲ့ အထက်လန် အောက်လျှော
>> အထက်လန် အောက်လျှောဆိုတာ ဘာလဲ?
ဖျားနာတဲ့အခါ နေထိုင်မကောင်း ဖြစ်ကြပေမယ့် အထက်လန် အောက်လျှောကတော့ သာမန်နေမကောင်းဖြစ်တာထက် ပိုခံရဆိုးပါတယ်။ ဘာမှမလုပ်နိုင်၊ မကိုင်နိုင်ဘဲ (အိမ်သာထဲမှာ အိမ်သာနဲ့ ဘေစင်ကို အပြောင်းအပြန် ကူးရင်း) ပျော့ခွေနုံးချိစေနိုင်ပါတယ်။ အစပိုင်းမှာ ချမ်းတုန်ဖျားပြီး ပျို့ချင်သလိုလို ဖြစ်ရုံကနေ တဖြည်းဖြည်း အန်တာ၊ ဝမ်းလျှောတာ၊ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်လာပါတော့တယ်။ အခံရခက်ပြီး ဖြေဆေးမရှိတဲ့ ဝေဒနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပျောက်ကင်းစေနိုင်တဲ့ ဆေးမရှိဘဲ အချိန်တန်မှသာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါကြောင့် အောက်ဖော်ပြပါ နည်းလမ်းများဟာ ဆိုးရွားတဲ့ဒဏ်ကို ခံနိုင်ရည်ရှိအောင်၊ ရောဂါသက်သာအောင်မျှသာ တတ်နိုင်ပါတယ်။
1. အရည်များများ သောက်ပါ။
အန်တာ၊ ဝမ်းသွားတာ၊ ချွေးပြန်တာတွေကြောင့် အရည်ဓာတ်တွေ အများအပြား ဆုံးရှုံးနေတဲ့အတွက် အရည်များများဝင်ဖို့ အရေးကြီးပါတယ်။ အကယ်၍ အရည်မဝင်နိုင်ရင် နည်းနည်းစီ ရေသောက်ပေးတာ၊ ရေခဲငုံတာမျိုး လုပ်ပေးနိုင်ပါတယ်။ သောက်နိုင်တဲ့ အရည်တွေကတော့ -
• ရေ၊ ကြက်ပြုတ်ရည်လိုမျိုး အရည်ကြည်များ
• ဓာတ်ဆားရည် (အရွယ်မရွေး)
• ချွေးထွက် အားဖြည့်အချိုရည်များ (ကလေးကြီးနဲ့ လူကြီးများသာ)
• အစာအိမ်ကို သက်သာစေပြီး ပျို့အန်ခြင်းကို လျော့နည်းစေနိုင်တဲ့ ချင်း (ဂျင်း) ပြုတ်ရည်၊ ပူစီနံ ရေနွေးကြမ်းများ
>> မသောက်သင့်သည့် အရည်များ
• ကဖိန်းဓာတ်များ ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်ကျကျနဲ့ ချောကလက် (အားဖြည့်ဖို့ လိုအပ်နေချိန်မှာ အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။)
• ဆီးရွှင်စေနိုင်တဲ့ အရက်၊ ဘီယာများ
ဒီအရည်များက အစာအိမ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
2. အာဟာရပြည့်တဲ့ အစာပျော့ပျော့ စားပေးပါ။
အထက်လန် အောက်လျှော ဖြစ်နေချိန်မှာ အစာဝင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒါကြောင့် အစာစားဖို့ စဉ်းစားမိတိုင်း ပျို့ပျို့တက်နေတယ် ဆိုရင်တော့ အတင်း အစာစားဖို့ ကြိုးစားစရာ မလိုပါဘူး။ ဒါပေမဲ့ စားချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာတာနဲ့ နည်းနည်းစီ ပြန်စားပေးသင့်ပါတယ်။
အစာချေဖျက်ရ လွယ်ကူပြီး ခွန်အားနဲ့ အာဟာရဓာတ်တွေ ပြန်လည်ဖြည့်တင်းစေနိုင်တဲ့ ငှက်ပျောသီး၊ ထမင်း၊ ပန်းသီးယိုနဲ့ ပေါင်မုန့်တို့ စားပေးနိုင်ပါတယ်။
• ငှက်ပျောသီး
ငှက်ပျောသီးဟာ အစာချေဖျက်ရ လွယ်ကူပြီး ပျို့အန်ရာမှ ဆုံးရှုံးသွားတဲ့ ပိုတက်ဆီယမ်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အစာအိမ် အတွင်းလွှာကို အကာအကွယ်ပေးနိုင်ပါတယ်။
• ထမင်း
ဆန်လုံးညိုမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပြီး လေပွစေနိုင်တာကြောင့် ဒီလိုအချိန်မျိုးမှာ ရှောင်သင့်ပါတယ်။ ခန္ဓာကိုယ်က ချေဖျက်ရ လွယ်ကူပြီး ကစီဓာတ်တွေ ပါဝင်တဲ့ ဆန်ဖြူကိုသာ စားပေးပါ။
• ပန်းသီးယို
ပန်းသီးယိုမှာ ကစီဓာတ်၊ သကြားဓာတ်အပြင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်တဲ့ Pectin ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ ဒါ့အပြင် အစာချေဖျက်ရတာလည်း အလွန်လွယ်ကူပါတယ်။
• ပေါင်မုန့်
ပေါင်မုန့်ကြမ်းမှာပါတဲ့ အမျှင်ဓာတ်တွေကို ချေဖျက်ရ မလွယ်ကူတဲ့အတွက် ပေါင်မုန့်အဖြူကိုသာ စားပေးသင့်ပါတယ်။
>> မစားသင့်တဲ့အစာများ
နို့ထွက်ပစ္စည်းများ၊ အမျှင်များတဲ့၊ အဆီများတဲ့၊ စပ်တဲ့အစာများကို ရှောင်ကြဉ်ရပါမယ်။
• နို့နဲ့ နို့ထွက်ပစ္စည်းများ
အထက်လန် အောက်လျှော ဖြစ်သူတိုင်း နို့ မသောက်သင့်တာတော့ မဟုတ်ပေမယ့် နို့ကို ချေဖျက်ရာမှာ မလွယ်ကူတဲ့အပြင် လေပွပြီး ဝမ်းပိုလျှောစေနိုင်တဲ့အတွက် ရှောင်ရင် ပိုကောင်းပါတယ်။
• အမျှင်ဓာတ်
ဗိုက်မကောင်း ဝမ်းလျှောနေချိန်မှာ အမျှင်ဓာတ် မလိုအပ်ပါဘူး။
• အဆီ
ဝက်ပေါင်ခြောက်လိုမျိုး အဆီများပြီး ဆားငန်တဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။
• အစပ်
ခရမ်းချဉ် ငရုတ်ဆော့၊ ဟင်းအနှစ်များနဲ့ ငရုတ်သီးတို့ကို ရှောင်ကြဉ်ရပါမယ်။
3. များများအနားယူပါ။
ဒုက္ခပေးနေတဲ့ပိုးကို မောင်းထုတ်နိုင်ဖို့ အင်အားပြည့်နေဖို့ လိုအပ်ပါတယ်။
4. ဆေးသောက်ရာမှာ သတိထားပါ။
ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာမို့လို့ ဘက်တီးရီးယား ပိုးသတ်ဆေးတွေက ရောဂါပိုးကို မပျောက်စေနိုင်ပါဘူး။
ရောဂါလက္ခဏာတွေ သက်သာအောင်တော့ ဆေးသောက်နိုင်ပေမယ့် သတိထားပြီး သောက်ပါ။
>> ကလေးတွေအတွက် ဆေးနည်း
လူကြီးတွေမှာတောင် ခံရခက်တဲ့ရောဂါဟာ ကလေးတွေမှာ ဖြစ်လာပြီဆိုရင်တော့ သနားစရာ အလွန်ကောင်းပါတယ်။ ကလေးရဲ့ ရောဂါလက္ခဏာတွေဟာ 1 ရက်၊ 2 ရက်အတွင်း မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ ဒီလိုပြသခြင်းဖြင့် ရောဂါလက္ခဏာတွေဟာ အခြားရောဂါတစ်ခုခုကြောင့် ဟုတ်၊ မဟုတ်ကို ရှာဖွေနိုင်ပြီး ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိဘဲ ကောင်းကောင်း နလန်ထစေနိုင််ပါတယ်။
ကလေးတွေကိုလည်း ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေ ပြန်လည်ဖြည့်တင်းနိုင်ဖို့ ရေများများ သောက်စေပါ။ (ကလေးသေးသေးလေးတွေမှာ နို့များများ တိုက်ပေးပါ။) ကလေးတွေကို ဓာတ်ဆားရည်လည်း တိုက်ပေးသင့်ပါတယ်။
>> အထက်လန် အောက်လျှောမဖြစ်အောင် ကာကွယ်နည်းများ
ဘေးပတ်ဝန်းကျင်ကလူတွေမှာ ဖြစ်နေပြီဆိုရင် သတိထားပါ။ ရောဂါရှိသူတွေနဲ့ တတ်နိုင်ရင် မထိမတွေ့မိအောင် နေပါ။ လက်ကို သေချာဆေးပါ။ အထက်လန် အောက်လျှော မဖြစ်အောင်အပြင် ရောဂါအတော်များများကို ကာကွယ်နိုင်ဖို့အတွက် အရေးကြီးတာကတော့ လက် သေချာဆေးခြင်းနဲ့ လုံလောင်စွာ အနားယူခြင်းတို့ပဲ ဖြစ်ပါတယ်။ အခြား ကာကွယ်ရေး နည်းလမ်းများ -
• လက်နဲ့ ဆေးတာထက် ပန်းကန်ဆေးစက်ကို အသုံးပြုပါ။
• လက်သန့်ဆေးရည်ထက် ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး လက်ဆေးပါ။
• ရောဂါဖြစ်နေသူ သွားဖို့ ရေအိမ်ကို သက်သက်ထားပြီး ကျန်မိသားစုဝင်များက အိမ်သာတစ်လုံး သက်သက်သုံးပါ။
• စင်တာတွေမှာ တွန်းလှည်းဈေးခြင်းကို သုတ်ပြီးမှ ကိုင်ပါ။
• စားပွဲမျက်နှာပြင်တွေကို ပိုးသတ်ဆေးရည်နဲ့ သေချာဆေးကြောထားပြီး အဝတ်တွေ၊ အိပ်ရာခင်းတွေကို ပုံမှန်လျှော်ပေးပါ။
>> အထက်လန်အောက်လျှော ကူးစက်တတ်သလား?
အထက်လန် အောက်လျှော ဖြစ်စေနိုင်တာဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့အတွက် ကူးစက်နိုင်ပြီး 1 ရက်မှ 3 ရက်မြောက်မှာ ရောဂါလက္ခဏာ စပြနိုင်ပါတယ်။ ရောဂါသက်သာသွားပြီး 2 ပတ်ကြာတဲ့အထိတောင် အခြားလူများကို ရောဂါကူးစက်စေနိုင်ပါတယ်။ ကလေးတွေမှာဆို 2 ပတ်ထက်တောင် ပိုကြာနိုင်ပါတယ်။ အခြားလူများကို ရောဂါမကူးစက်စေရန် အလုပ်များ၊ ကျောင်းများမှ ခွင့်ယူသင့်ပါတယ်။ ဖျားနေပါက 24 နာရီလုံးလုံး အဖျားကျမှသာ အလုပ်ပြန်လုပ်သင့်ပါတယ်။
>> သက်သာချိန်မှာ
ရောဂါဖြစ်နေချိန်မှာ အလူးအလဲ ခံရတတ်ပေမယ့် သက်သာသွားချိန်မှာ ယူပစ်သလို ကောင်းသွားတတ်ပါတယ်။ အရေးကြီးတာက ရောဂါဆိုးနေချိန်မှာ ရေဓာတ်ခန်းခြောက်မှု မရှိအောင် အရည်မျာများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။
အထက်လန် အောက်လျှောမှာ ပျောက်ကင်းစေနိုင်တဲ့ဆေး မရှိပေမယ့် အထက်မှာ ပြောထားတဲ့ နည်းလမ်းများကို လိုက်နာဆောင်ရွက်ပြီး -
• 24 နာရီလုံးလုံး အရည်မဝင်ရင်
• ရေဓာတ် ခန်းခြောက်တဲ့လက္ခဏာများ ပြနေရင်
• သွေးတွေအန်၊ သွေးဝမ်းတွေ သွားနေရင်
• 102° ထက် အဖျားကြီးနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















