ဖုန်း အသုံးလွန်သွားလို့ လည်ပင်းနာခြင်း
အခုခေတ်မှာ လူအတော်များများက ဖုန်းအသုံးများ၊ အကြည့်များလာတဲ့အတွက် လည်ပင်းမှာ ထပ်ခါထပ်ခါ ဒဏ်ဖြစ်စေပါတယ်။ လည်ပင်း၊ ပခုံးနဲ့ တစ်ခါတလေ ခါးကြွက်သားတွေ နာတာက ခုခေတ်မှာ ဆယ်ကျော်သက်အရွယ်တွေနဲ့ အရွယ်ရောက်ကာစလေးတွေမှာတောင်မှ အဖြစ်များလာနေပါပြီနော်။
အမှန်ကတော့ လည်ပင်းနာတာက အသက်ကြီးလာမှ ပိုဆိုးပြီး ပိုအဖြစ်များတာပါ။ အခုခေတ်ကတော့ အရင်က မနာဖူးတဲ့ ငယ်ငယ်ရွယ်ရွယ်လေးတွေ လူနာအဖြစ် ပိုများလာပါတယ်။
>> ဝန်ပိမှု
ဖုန်းကြည့်ရုံလောက်နဲ့ ဘာလို့ ဒီလောက်နာရတာလဲ။ ဖုန်းကြည့်တဲ့အခါမှာ အောက်ကိုငုံ့၊ ခေါင်းကို ရှေ့ငိုက်ပြီးတော့ ကြည့်ရတာက လည်ပင်းရဲ့ သဘာဝကိုယ်နေဟန်ထားကို ပျက်ယွင်းစေပါတယ်။ အချိန်ကြာလာတဲ့အခါမှာ ဒီလိုအနေအထားမမှန်တာက ကြွက်သားတွေကို ဒဏ်ဖြစ်စေပြီးတော့ လည်ပင်းရဲ့ တည်ဆောက်ပုံအပေါ်မှာလည်း ထိခိုက်လာစေပါတယ်။
ခေါင်းငုံ့ထားတဲ့အချိန်မှာ အောက်ပါ အချက်သုံးချက် ဖြစ်စေပါတယ်။
● လည်ပင်းက အရှေ့ကို ရွေ့သွားတယ်။
● ပခုံးကလည်း အရှေ့ကို ကျဉ်းသွားပြီးတော့ နားနားအထိ မြင့်တက်သွားတယ်။
● လည်ပင်းနဲ့ ပခုံးကြွက်သားတွေက ကျုံ့နေတယ်။
လည်ပင်းကြွက်သားတွေက မှန်ကန်တဲ့အနေအထားမှာဆိုရင် ခေါင်းရဲ့အလေးချိန်ဖြစ်တဲ့ ၁၀-၂၀ ပေါင်လောက်ကို မ,ထားနိုင်ဖို့ တည်ဆောက်ထားတာပါ။ သုတေသနတွေအရ ခေါင်းရှေ့ကို တစ်လက်မလောက် ငုံ့လိုက်တိုင်းမှာ လည်ပင်းကြွက်သားပေါ်က ဝန်ကို ၂ ဆ တက်စေပါတယ်။ ဒီတော့ မေးစေ့က ရင်ဘတ်လောက်ထိ ထိပြီးတော့ ဖုန်းကို ငုံ့ကြည့်တဲ့အခါမှာ လည်ပင်းပေါ်မှာ ပေါင် ၆၀ လောက် သက်ရောက်စေပါတယ်။
ဖုန်း အသုံးလွန်တဲ့အခါ ကြွက်သား နာရုံမကဘဲ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေပါတယ်။ ကုန်းပြီးတော့ ထိုင်တာက အဆုတ်ရဲ့ ကျယ်ပြန့်နိုင်စွမ်းကို ချုပ်ထားသလို ဖြစ်ပြီးတော့ အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပျက်စေပါတယ်။ ဒီအခါမှာ အောက်ဆီဂျင် ရှူသွင်းတာ နည်းစေပြီးတော့ နှလုံးကနေပြီးတော့ အောက်ဆီဂျင်ပါတဲ့သွေးတွေကို ခန္ဓာကိုယ်အနှံ့ကို ပို့ပေးနိုင်ဖို့အတွက် အလုပ် ပိုလုပ်ရပါတယ်။
>> Text neck ကို သက်သာစေဖို့ အချက် (၃) ချက်ကတော့ ကိုယ်နေဟန်ထားကို ပြင်ဖို့ပါ။
1. မတ်မတ်နေပါ။ - မှန်မှာကြည့်ပြီးတော့ ကိုယ်လုံး၊ လည်ပင်းကို တည့်တည့်ထားပြီး မတ်မတ်နေပါ။ မတ်မတ်နေတယ်ဆိုရင် နားနဲ့ ပခုံးက မျဉ်းတစ်ကြောင်းတည်း တည့်တည့်ဖြစ်နေရပါမယ်။
2. ခါးကော့ထားပါ။ ကိုယ့်ရဲ့ကိုယ်နေဟန်ထားက မပြည့်စုံဘူးလို့ထင်ရင် ပခုံးကို ဖွင့်ထားပါ။ လည်ပင်းနဲ့ ကျောကို နောက်ကို ကော့ထားပြီးတော့ နားကို ပခုံးနဲ့ တစ်တန်းတည်း ကျအောင်ထားပါ။ ဒီလိုမျိုး လွယ်ကူ ရိုးရှင်းတဲ့ အကြောဆန့်တာလေးက ကြွက်သားနာကျင်မှုတွေနဲ့ ဖိအားတွေကို လျော့ကျစေပါတယ်။
3. အရှေ့တည့်တည့်ကို ကြည့်ပါ။ ဖုန်းကို ငုံ့ကြည့်နေမယ့်အစား ဖုန်း၊ ကွန်ပျူတာတွေကို ကိုယ့်မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်အောင် မြှင့်တင်လိုက်ပါ။ ကွန်ပျူတာမျက်နှာပြင်ကလည်း မျက်လုံးနဲ့ တစ်တန်းတည်းြ ဖစ်သင့်ပါတယ်။
>> ဖုန်းကြည့်လို့ဖြစ်တဲ့ နောက်ထပ် ထိခိုက်ဒဏ်ရာ (လက်မ)
လက်မ၊ လက်ချောင်းတွေ နာကျင်တာကလည်း ဖုန်းကြောင့်ဖြစ်တဲ့ ထပ်ခါထပ်ခါ ဒဏ်ဖြစ်ခြင်းကြောင့်ဖြစ်တဲ့ ထိခိုက်ဒဏ်ရာပါပဲ။ အကိုက်အခဲပျောက်လိမ်းဆေးတွေက တင်းနေတဲ့ အရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖုန်းနဲ့ စာရိုက်တာကို ကန့်သတ်ထားသင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















