/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖေ့ဘုတ်-များများသုံးလေ-လိုအင်ဆန္ဒ-များလာလေ

ဖေ့ဘုတ် များများသုံးလေ လိုအင်ဆန္ဒ များလာလေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက်မိုးလင်းလို့ ဖေ့ဘုတ်လေး ဖွင့်လိုက်တာနဲ့  သူငယ်ချင်းတွေနဲ့ အလွယ်တကူ ဆက်သွယ်လို့ရတယ်။ နိုင်ငံတကာက သတင်းတွေ အချိန်နဲ့တစ်ပြေးညီ ဖတ်လို့ရတယ်။ အတွေးအမြင်တွေ ဖလှယ်လို့ရတယ်။ အကျိုးဆက်တွေကတော့ အများကြီးပါပဲ။ ကောင်းကျိုးတွေရှိသလို မကောင်းတာတွေလည်း ကပ်ပါလာတာ လက်ခံနေရပါတယ်။

 

>>    Compassion Fatigue ဆိုတာ ဘာလဲ?

          ဖေ့ဘုတ်မှာ ဓာတ်ပုံလေးတွေ တင်လိုက်တဲ့အခါ အများသူငှါရဲ့ ချီးကျူးဂုဏ်ပြုတာတွေ " ဟယ် ... လှလိုက်တာ ... ချစ်စရာကောင်းလိုက်တာ " ဘာညာလေးတွေ ကွန်မန့်မှာ မြင်ရတဲ့အခါ စိတ်မချမ်းသာရဘူးလားနော်။

          အဲ ... ပြဿနာက အဲဒီလိုချီးကျူးတာတွေ မကြာခဏခံရတဲ့ ပေါ်ပြူလာတွေဟာ Post မတင်ဖြစ်တဲ့နေ့တွေဆိုရင် ဘာကွန်မန်မှ ချီးကျူးမှုမှမရတဲ့အတွက် ဘဝမှာ တစ်ခုခု လိုနေသလို အမြဲခံစားရပါသတဲ့။ သနားစရာလို့ပဲ ဆိုရမလား ... ဆိုရှယ်မီဒီယာရဲ့သားကောင် ဖြစ်မှန်းမသိ ဖြစ်လာပါသတဲ့။

          ဖေ့ဘုတ်မှာ ပုံလန်းလန်းတွေတင် စာတွေရေး ... ဟာခနဲ ဟင်ခနဲဖြစ်စေတဲ့ အကြွားသန်သူတွေမှာ မရောင့်ရဲနိုင်တော့တဲ့ စိတ်ဝေဒနာ ရလာပါတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။

          တစ်ခုခု တင်လိုက်တိုင်း ကွန်မန့်လေး ပွတ်ကြည့်လိုက်၊ နိုတီလေး စစ်လိုက်နဲ့ အီးမေးလေး ဖွင့်လိုက်နဲ့ အင်မတန် အလုပ်များနေကြတာမို့ စိတ်ဖိစီးမှု တက်ရသူတွေထဲမှာ ကျော်ကြားသူတွေကစလို့ သာမန်လူတွေအထိ ပါဝင်နေပါတယ်။

          အဲဒီဖီစီးမှုဟာ ရေရှည်မှာ ကာယအား၊ ဉာဏအားတွေကို ယုတ်လျော့စေပြီး ကောင်းကျိုးမပေးဘဲ စိတ်ကူးဉာဏ်တွေ နည်းပါးလာစေပါတယ်နော်။ ဘယ်ဖိစီးမှုမှ ကောင်းကျိုးမပေးပါဘူး။

          ဒါပေမဲ့ ဒီလိုချီးကျူးမှုတွေ၊ မြှောက်ပင့်မှုတွေကို အမြဲခံယူနေကျ လူတွေမှာ အဆိုးကွန်မန့်တစ်ခုခု၊ Like နည်းတာတွေ ကြုံရတဲ့အခါ စိတ်ပင်ပန်းဆင်းရဲနေကြပြန်ပါတယ်။ ဆတ်ဆတ်ထိမခံ တုံ့ပြန်သူတွေ ဖြစ်လာပြန်ပါရော။ လိုအင်မပြည့်တဲ့ကလေးတွေလို ပြုမူလာကြတာ ဖြစ်ပါတယ်။ ဒီတော့ စိတ်ရင့်ကျက်တည်ငြိမ်ချင်ရင် ဖေ့ဘုတ် လုံးဝမသုံးဘဲနေမှပဲ အဆင်ပြေမလို ဖြစ်နေပါတယ်။

          ဆိုရှယ်မီဒီယာရဲ့ စိတ်ကျန်းမာရေး ထိခိုက်တတ်မှုတွေကို သတိပြုဆင်ခြင်နိုင်ဖို့ ဗဟုသုတ မျှဝေလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)