ဖြစ်ပွားမှုများလာတဲ့ နှလုံးရောဂါကို ကာကွယ်ဖို့နည်းလမ်းများ
နှလုံးရောဂါ ဖြစ်ပွားမှုတွေဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မြင့်တက်လာပါတယ်။ ရုတ်တရက် သေဆုံးရတဲ့ အကြောင်းအရင်းမှာလည်း နှလုံးကြောင့် သေဆုံးတာကလည်း များပြားပါတယ်။ ဒါကြောင့် နှလုံးကို ကျန်းမာအောင် ဒီလိုအချက်လေးတွေကို သတိထားပြီး လိုက်နာသင့်ပါတယ်။
● ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်က နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ ဆေးလိပ်သောက်ရင် နှလုံးသွေးကြောပိတ်နိုင်ချေ ၂ ဆ၊ လေဖြတ်နိုင်ချေ ၃ ဆ၊ ရင်ဘတ်အောင့်နိုင်ချေ အဆ ၂၀ မြင့်တက်ပါတယ်။ နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေ ၄ ဆ၊ ရုတ်တရက် နှလုံးပုတ်ပြီး သေဆုံးနိုင်ချေ ၃ ဆ ရှိပါတယ်။ ဒါပေမဲ့ သတင်းကောင်းကတော့ ဆေးလိပ်ဖြတ်ပြီး ၁ နှစ်လောက်ကြာရင်တော့ ဒီလိုရောဂါ ဖြစ်နိုင်ချေက တစ်ဝက် လျော့သွားပါတယ်။ ၅ နှစ်ကနေ ၁၅ နှစ်လောက် ကြာရင်တော့ သာမန်လူလို ပြန်ဖြစ်သွားပါတယ်။
● အရက်ကို လျှော့သောက်ပါ
အရက်ကို အမြဲလိုလိုသောက်နေရင် နှလုံးရောဂါ ဖြစ်ပွားနှုန်းက တက်လာပါတယ်။ နှလုံးရောဂါအပြင် အသည်းရောဂါနဲ့ တခြားကင်ဆာရောဂါ ဖြစ်ပွားနှုန်းတွေပါ များလာပါတယ်။
အရက်ကို သောက်မယ်ဆိုရင် -
** တစ်ပတ်ကို ၁၀ ခွက်ထက် ပိုမသောက်ပါနဲ့။
** တစ်ရက်ကို ၄ခွက်ထက် ပိုမသောက်ပါနဲ့။
** ကိုယ်အလေးချိန်ကို ထိန်းထားပါ။
သင်ဟာ ဝနေရင် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေရော၊ နှလုံးရောဂါနဲ့ သေဆုံးနိုင်ချေရော မြင့်တက်လာပါတယ်။ ပြီးတော့ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ အပြင် အရိုးရောဂါ ဖြစ်ပွားနိုင်ချေပါ များပါတယ်။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
နှလုံးကျန်းမာအောင်အတွက် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀၊ တစ်ပတ်ကို ၅ ရက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် နည်းနည်းမောတဲ့၊ ဒါပေမဲ့ စကားမပြောနိုင်လောက်အောင် မောတာမျိုး မဟုတ်တဲ့ လေ့ကျင့်ခန်းမျိုး လုပ်ပါ။
● ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ
အသီးအရွက်၊ အသီးအနှံ နဲ့ အစေ့အဆံတွေ များများစားပါ။
ငါး၊ ပင်လယ်စာ၊ ပဲ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတိန်းတွေ စားပါ။
သီဟိုစေ့ စတဲ့ အစေ့တွေ၊ ထောပတ်သီး၊ သံလွင်ဆီ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ စားပါ။
ဆားအစား ဟင်းခတ်အမွှေးအကြိုင်တွေ သုံးပါ။
နို့၊ ဒိန်ချဉ်၊ ချိစ့် စတာတွေ စားပါ။
နဂိုတည်းက ကိုလက်စထရောများတာတွေ၊ နှလုံးရောဂါရှိရင် ကြက်ဥကို တစ်ပတ် ၇ လုံးအောက် လျှော့စားပါ။
သွေးတွင်းအဆီဓာတ်၊ သွေးပေါင်ချိန်ကို ထိန်းထားပါ။
သွေးတွင်းကိုလက်စထရောဓာတ် များတာရှိရင်၊ သွေးပေါင်ချိန်တွေ တက်ရင် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ များပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ထိန်းထားပါ။
● နှလုံးကို ပုံမှန်စစ်ဆေးပါ
နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးတာကို ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးနေသင့်ပါတယ်။ ဒါမှသာ ကိုယ်က နောက်ပိုင်းမှာ နှလုံးရောဂါ ဖြစ်ပွားနိုင်ချေ ရှိ မရှိ၊ နောက် ၅ နှစ်အတွင်း နှလုံးသွေးကြောပိတ်နိုင်ချေ ရှိ၊ မရှိ၊ လေဖြတ်နိုင်ချေ ရှိ၊ မရှိ ကိုပါ စစ်ဆေးပေးပါလိမ့်မယ်။
Dr. Htar (www.drmyanmar.com)
















