ဘာကြောင့် သားသမီး မရတာလဲ?
ကလေးရဖို့ ကြိုးစားနေပေမယ့်လည်း မရနိုင်ဘဲ ဖြစ်လာတဲ့အခါမှာ မိမိ (သို့) အိမ်ထောင်ဖက်မှာ စစ်ဆေးကြည့်သင့်တဲ့ ကျန်းမာရေးပြဿနာ ရှိနိုင်တယ်လို့ တွေးမိကြမှာပါ။ ဒီတော့ ကလေးမရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို သိဖိို့အတွက် အချိန်ခဏလောက်ပေးပါ။ ပြီးရင်တော့ နောက်အဆင့်အနေနဲ့ ဘာတွေလုပ်ရမလဲဆိုတာကို ဆရာဝန််နဲ့ တိုင်ပင်ပါ။
သနေ္ဓတားဆေး သုံးစွဲခြင်းမရှိဘဲနဲ့ အမျိုးသားနဲ့ တစ်နှစ်လောက် အတူနေပြီးနောက်မှာမှ ကိုယ်ဝန်မရတာကို သနေ္ဓမအောင်ဘူးလို့ ခေါ်ပါတယ်။ အသက် 35 နှစ်အထက် အမျိုးသမီးတွေမှာတော့ အမျိုးသားနဲ့ ပုံမှန်အမြဲအတူနေပြီးလို့ 6 လကျော်မှ ကိုယ်ဝန်မရတာကို သနေ္ဓမအောင်ဘူးလို့ ဆိုပါတယ်။
ကိုယ်ဝန်မရှိတာက ကလေး လုံးဝမရနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ အကူအညီရှာတဲ့ စုံတွဲတွေရဲ့ တစ်ဝက်လောက်က နောက်ဆုံးမှာတော့ သူ့ဟာသူ (သို့) ဆေးပညာ အကူအညီနဲ့ ကလေး ရသွားကြပါတယ်။
အမျိုးသား၊ အမျိုးသမီးတွေမှာ သနေ္ဓတည်ခြင်းနဲမဆိုင်တဲ့ ပြဿနာတွေ ရှိနိုင်ပါတယ်။ သနေ္ဓမအောင်တဲ့ စုံတွဲတွေရဲ့ 20% လောက်မှာ အိမ်ထောင်ဖက်နှစ်ဦးလုံးမှာ ပြဿနာရှိတတ်ပြီး စုံတွဲ 15% လောက်မှာတော့ စစ်ဆေးမှုတွေ အားလုံးလုပ်ပြီးတာတောင်မှ ဘာအကြောင်းအရင်းမှ ရှာမတွေ့ကြပါဘူး။ ဒါကို ရှင်းမပြနိုင်တဲ့ သနေ္ဓမအောင်ခြင်းလို့ ခေါ်ပါတယ်။
>> အမျိုးသားတွေမှာ သနေ္ဓမအောင်နိုင်တဲ့ ပြဿနာများ
အမျိုးသားတွေမှာ မျိုးပွားခြင်းနဲ့ ပတ်သက်ပြီး အဖြစ်များတဲ့ အကြောင်းအရင်းကတော့ သုတ်ပိုးကြောင့်ပါ။ သုတ်ပိုးမှာ အောက်ပါပြဿနာတွေကြောင့် သနေ္ဓအောင်ခြင်းဆိုင်ရာပြဿနာတွေ ဖြစ်တတ်ပါတယ်။
● သုတ်ပိုးအရေအတွက် နည်းခြင်း - သုတ်ရည်ထဲတွင် သုတ်ပိုးပါဝင်မှု နည်းခြင်း (သို့) သုတ်ပိုး မပါခြင်း
● သုတ်ပိုးလှုပ်ရှားမှု နည်းခြင်း - သုတ်ပိုးများ ရွေ့လျားသင့်သလောက် မရွေ့ခြင်း
● သုတ်ပိုးပုံစံ မမှန်ခြင်း
● သုတ်ရည်ပြွန်များ ပိတ်ဆို့နေခြင်း
နောက်ထပ်အဖြစ်များတဲ့ ပြဿနာတစ်ခုကတော့ သုတ်ပိုးထွက်တာ ယာယီလျော့နည်းနေခြင်း ဖြစ်ပါတယ်။ ဝှေးစေ့ ထိခိုက်ဒဏ်ရာ ရထားရင် ဒီလိုဖြစ်နိုင်ပါတယ်။ ဥပမာ- ဝှေးစေ့ကို ပူလွန်းတဲ့အရာနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့ခြင်း (သို့) သုတ်ပိုးထုတ်လုပ်မှု နည်းစေသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း (သို့) ဆေးများ သောက်ခြင်းတု့ိကြောင့် ဖြစ်နိုင်ပါတယ်။
အရက်သောက်၊ ဆေးလိပ်သောက်ရင်လည်း သုတ်ပိုးပမာဏ လျော့နည်းစေနိုင်ပါတယ်။ အသက် 40 နဲ့အထက် အမျိုးသားတွေမှာလည်း သုတ်ပိုးထွက်တာ နည်းသွားပါတယ်။
>> အမျိုးသမီးများတွင် သနေ္ဓမအောင်ခြင်း ဖြစ်စေသော အကြောင်းအရင်းများ
သနေ္ဓမအောင်ရတဲ့ အဓိက အကြောင်းအရင်းကတော့ " မမျိုးဥ " မကြွေလို့ ဖြစ်ပါတယ်။ သားဥအိမ်တွင် ရေအိတ်များစွာ တည်သောရောဂါလက္ခဏာစုကတော့ အဓိက အကြောင်းအရင်းပါပဲ။
နောက်တစ်ချက်ကတော့ သားဥအိမ်ကနေပြီး သားအိမ်ဆီကို မမျိုးဥသယ်ပေးတဲ့ သားဥပြွန်မှာ ပြဿနာဖြစ်တာကလည်း သနေ္ဓမအောင်ရတဲ့ အဖြစ််များတဲ့ အကြောင်းအရင်းတစ်ခုပါ။ တစ်ခါတလေမှာ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ အနာရွတ် တစ်သျှူးတွေ၊ သားဥပြွန်တွေကို ပိတ်ဆို့နေနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ပိန်လွန်းခြင်း စတာတွေကလည်း သနေ္ဓတည်ခြင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
မမျိုးဥက သားဥပြွန်ကို ဖြတ်ပြီးလာနိုင်တယ် ဆိုရင်တောင်မှ သားအိမ်မှာတွယ်ဖို့ကို တားဆီးနိုင်တဲ့ အနှောင့်အယှက်တွေ အများကြီး ရှိပါသေးတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ အချွဲတွေကလည်း သုတ်ပိုးကို ပျက်စီးစေခြင်း (သို့) သုတ်ပိုးရွေ့လျားတာကို နှေးကွေးစေနိုင်ပါတယ်။
အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ ကလေး ရနိုင်ခြေ နည်းလာပြီး အသက် 35 နှစ်ကျော်ရင် ပိုဆိုးလာပါတယ်။ အသက် 45 နှစ်ကျော်မှာ ကိုယ်ဝန်ရတာ ရှားပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















