ဘေလုံးကြီးတဲ့အခါ
ဘယ်ဘက်ရင်အုံ အောက်နားမှာရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းကို ဘေလုံးလု့ိခေါ်တယ်။ ပိုးဝင်ခြင်း၊ အသည်းရောဂါနဲ့ ကင်ဆာတချို့ကြောင့် ဘေလုံးကြီးနိုင်ပါတယ်။
ဘေလုံးကြီးရုံနဲ့တော့ ဘာရောဂါလက္ခဏာမှ ပြမှာမဟုတ်ဘူးနော်။ ပုံမှန်စမ်းသပ်စစ်ဆေးနေချိန်မှာ စမ်းသပ်တွေ့မိကြတာ များတယ်။ ပုံမှန်ဆိုဒ်ဘေလုံးကို စမ်းသပ်မမိနိုင်ကြပေမယ့် ဘေလုံးကြီးလာရင်တော့ စမ်းမိတတ်ကြတယ်။ ဘာကြောင့်စမ်းမိတယ်ဆိုတာ သိနိုင်ဖို့ ဓာတ်မှန်၊ အာထရာစောင်း စသည် ရိုက်တာ၊ သွေးစစ်ဆေးတာတွေ ပြုလုပ်နိုင်ပါတယ်။
ကုသရာမှာလည်း ဖြစ်စေတဲ့အကြောင်းရင်းကို အရင်းတည်ကုဖု့ိလိုတယ်။ ဘေလုံးကို ဖြတ်ထုတ်လိုက်ရုံနဲ့တော့ မထူးဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေတေ့ာလည်း ဖြတ်ထုတ်ပစ်ဖို့လိုအပ်တဲ့ အခြေအနေတွေ ရှိလာနိုင်ပါတယ်။
>> ရောဂါလက္ခဏာတွေကတော့ -
● တချို့တွေမှာ ဘာလက္ခဏာမှ မပြတာ
● ဘယ်ဘက်ဗိုက်အပေါ်ပိုင်းမှာ နာတာ ကျင်တာ၊ ပြည့်တည့်တည့်ဖြစ်နေတာ၊ ဘယ်ဘက်ပုခုံးထိပါ ပြန့်ပြီး နာတာ
● မစားမသောက်ဘဲ ဒါမှမဟုတ် နည်းနည်းပါးပါး စားရုံလောက်နဲ့တင် ပြည့်အင့်နေတတ်တာ (ဘေလုံးကြီးက အစာအိမ်ပေါ် ဖိတာကြောင့်)
● သွေးအားနည်းတာ
● မောပန်းလွယ်တာ
● မကြာမကြာ ပိုးဝင်တာ
● အလွယ်တကူ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?
ဘယ်ဘက်ဗိုက် အပေါ်ပိုင်းနားမှာ နာကျင်လာရင် ဆရာဝန်နဲ့ပြပါ။ အထူးသဖြင့် နာတာ ပြင်းလာရင်၊ အသက်ပြင်းပြင်း ရှူလိုက်တိုင်း နာတာ ပိုဆိုးလာရင်ပေါ့။
>> ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
ပိုးဝင်တာနဲ့ ရောဂါတွေကြောင့် ဘေလုံးကြီးတတ်တယ်။ ကုသမှုအပေါ် မူတည်ပြီး ယာယီကြီးတာ များပါတယ်။ များသောအားဖြင့် -
● ဗိုင်းရပ်စ်ပိုး ဝင်ခြင်း
● ဆစ်ဖလစ်တို့၊ ဘက်တီးရီးယားနှလုံးအစို့ရှင်ပိုး ဝင်ရောင်ရမ်းခြင်းတို့လိုမျိုး ဘက်တီးရီးယားပိုးဝင်ခြင်း
● ငှက်ဖျားတို့လို ကပ်ပါးပိုးဝင်ခြင်း
● အသည်းခြောက်ခြင်းနဲ့ အသည်းရောဂါတွေ ဖြစ်ခြင်း
● သွေးနီဥစောပေါက်ပြီး သွေးနီဥပေါက် သွေးအားနည်းခြင်း
● သွေးကင်ဆာတွေ၊ လင့်ပြန်ထုံးကင်ဆာတွေဖြစ်ခြင်း
● ဇီဝကမ္မကမောက်ကမရောဂါတွေ
● ဘေလုံးနဲ့ အသည်းသွေးပြန်ကြောတွေကို ဖိမိခြင်း ဒါမှမဟုတ် သွေးခဲပိတ်ခြင်း
စတဲ့ အကြောင်းရင်တွေကြောင့် ဖြစ်တတ်တယ်။
>> ဘေလုံးက ခန္ဓာကိုယ်မှာ ဘာတွေလုပ်ပေးလဲ?
ဘေလုံးဟာ နံရိုးတွေရဲ့အောက်၊ အစာအိမ်ဘေး၊ ဗိုက်ရဲ့ဘယ်ဘက်ခြမ်းမှာ တည်ရှိနေတယ်။ ဘေလုံးဆိုတာ ခန္ဓာကိုယ်အတွက် အရေးပါတဲ့အလုပ်တော်တော်များများကို လုပ်ပေးတဲ့ ပျော့ပျော့အိအိ အင်္ဂါအစိတ်အပိုင်း တစ်ခုပါပဲ။
● ဟောင်းနွမ်းပျက်စီးနေတဲ့ သွေးဆဲလ်တွေကို စစ်ထုတ်ပေးခြင်း၊ ဖျက်ဆီးပေးခြင်း
● သွေးဖြူဥတွေ ထုတ်ပေးပြီး ရောဂါပိုးတွေ ကာကွယ်တာအပြင် ရောဂါပိုးဝင်ရင် ပထမဆုံးရှေ့တန်းကနေ တိုက်ထုတ်ပေးခြင်း
● သွေးနီဥတွေနဲ့ သွေးခဲဆဲလ်လေးတွေကို သိမ်းဆည်းပေးထားပြီး သွေးခဲရာတွင် ကူညီပေးခြင်း
စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်။
ဘေလုံးကြီးလာတဲ့အခါ ဒီလို အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်တော့တာပေါ့။ ဘေလုံးကြီးလာတာနဲ့အမျှ ကောင်းတဲ့သွေးနီဥတွေရော၊ မကောင်းတဲ့ သွေးနီဥတွေကိုပါ စစ်ထုတ်ပစ်ပြီး သွေးကြောထဲမှာ ကျန်းမာသန်စွမ်းတဲ့ဆဲလ်ပမာဏကို ကျသွားစေနိုင်တယ်။ သွေးခဲဆဲလ်လေးတွေကိုလည်း အများကြီး သိုလှောင်လိုက်တယ်။
ဒီလို သွေးနီဥတွေ၊ သွေးခဲဆဲလ်လေးတွေ သိုလှောင်ထားတာ များလာတဲ့အခါ ဘေလုံးသွေးကြောကို သွားပိတ်ပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့အောင် တားဆီးပေးတယ်။ သူ့ကိုလာပေးတဲ့ သွေးစီးနှုန်းနဲ့ မလိုက်လောက်အောင် ကြီးလာတဲ့အခါ ဘေလုံးအစိတ်အပိုင်းတွေ တဖြည်းဖြည်း ပျက်စီးလာတတ်တယ်။
>> ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -
ဘယ်လိုလူမျိုးမဆို၊ ဘယ်အသက်အရွယ်မှာမဆို ဘေလုံးကြီးနိုင်ပေမယ့် တချို့လူတွေမှာတော့ ပိုဖြစ်နိုင်ခြေများတယ်။
● Mononucleosis လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးရောဂါဝင်နေတဲ့ ကလေးတွေနဲ့ လူငယ်တွေ
● အသည်းနဲ့ ဘေလုံးထိတတ်တဲ့ မျိုးရိုးလိုက် ဇီဝကမ္မကမောက်ကမရောဂါစုတွေဖြစ်တဲ့ Gaucher’s disease, Niemann-Pick disease စသဖြင့် ရှိသူတွေ
● ငှက်ဖျားရောဂါ ပေါတဲ့နေရာဒေသတွေမှာ နေထိုင်သူတွေ၊ အလည်အပတ် သွားဖူးသူတွေမှာ ပိုကြီးနိုင်ခြေရှိပါတယ်။
>> နောက်ဆက်တွဲတွေအနေနဲ့
● ပိုးဝင်ခြင်း : ဘေလုံးကြီးခြင်းကြောင့် သွေးထဲမှ သွေးနီဥ၊ သွေးခဲဆဲလ်လေးတွေနဲ့ သွေးဖြူဥအကောင်းတွေ နည်းသွားပြီး ပိုးခဏခဏ ဝင်တတ်တယ်။ သွေးအားနည်းတာ၊ သွေးထွက် များတာတွေလည်း ဖြစ်နိုင်တယ်။
● ဘေလုံးကွဲခြင်း : ဘေလုံးအကောင်းကြီးတွေတောင်မှ အရမ်းပျော့တာကြောင့် အလွယ်တကူ ပျက်စီးနိုင်တယ်။ အထူးသဖြင့် ထိခိုက်မိတဲ့အခါမျိုးမှာပေါ့။ ဘေလုံးကြီးနေတဲ့အခါ ဘေလုံးကွဲနိုင်ခြေ ပိုများလာတာပေါ့။ ဘေလုံးကွဲခြင်းကြောင့် ဝမ်းဗိုက်ခေါင်းထဲကို သွေးတွေ အများကြီးထွက်တတ်တယ်။ အသက်အန္တရာယ် ရှိပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















