ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြမယ်
လူတိုင်းဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို လိုချင်ကြပေမယ့် မုန့်လုံးစက္ကူ ကပ်သလိုပဲ နောက်ဆုံးတော့လည်း ဒုံရင်းက ဒုံရင်း အကျင့်ဆိုးတွေနဲ့သာ သံသရာ လည်နေတတ်ကြတယ်နော်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံကို ဘယ်လိုပြောင်းလဲကြမလဲ?
၁။ မိတ်ဆွေ၊ သူငယ်ချင်းနဲ့အတူ စားပေးပါ။
ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ စားပေးသင့်တယ်ဆိုတာ လူတိုင်းသိမှာပေါ့။ ဒါပေမဲ့ အစားအသောက်ကို စားပျော်စေဖို့ ဘေးပတ်ဝန်းကျင်ကလည်း အရေးကြီးသေးတယ်နော်။ ကိုယ်ချစ်ခင်နှစ်သက်တဲ့လူတွေနဲ့အတူ စားသောက်တာဟာ အကျိုးအရမ်းရှိပါတယ်။ အထီးကျန်စိတ်ကို လျော့နည်းစေတာအပြင် ထမင်းစားတဲ့အရှိန်ကို နှေးသွားစေနိုင်ပါတာကြောင့် အစာကောင်းကောင်းခြေဖို့ အချိန်ပေးနိုင်ပြီး ဗိုက်ပြည့်ကြောင်း ကိုယ့်ဟာကိုယ် သိနိုင်ပါတယ်။ ဒါကြောင့် တီဗီရှေ့မှာထိုင်ပြီး စားမယ့်အစား မိသားစု၊ မိတ်ဆွေ သူငယ်ချင်း တစ်ယောက်ယောက်နဲ့အတူ စားပေးသင့်ပါတယ်နော်။
၂။ ကိုယ်ကြိုက်တဲ့လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ပါ။
ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်တာဟာ တကယ်တော့ ပျော်စရာကောင်းသင့်ပါတယ်။ ကိုယ်လက်ကြံ့ခိုင်စေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် Gym သွားဖို့ စိတ်ညစ်နေတယ်ဆိုရင်တောင် လေ့ကျင့်ခန်းလုပ်ဖို့ကို အားမလျှော့သင့်ပါဘူး။ စကိတ်စီးတာ၊ ရေကူးတာ၊ ကခုန်တာ၊ ယောဂဆော့တာ၊ ဇွန်ဘားကတာ၊ လက်ဝှေ့ထိုးတာ၊ အဖွဲ့လိုက်လမ်းလျှောက်တာ၊ တောင်တက်တာ၊ ကြက်တောင်ရိုက်တာ စသဖြင့်ပေါ့။ စိတ်ကိုပျော်စေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကိုလည်း မြန်ဆန်စေနိုင်ပါတယ်။
၃။ ပေးကမ်းပါ။
ပေးကမ်းခြင်းဟာ ခန္ဓာကိုယ်အတွက်ရော၊ စိတ်အတွက်ပါ ကောင်းပါတယ်။ ပေးကမ်းခြင်းဟာ ဦးနှောက်မှာရှိတဲ့ စိတ်ကျေနပ်စေတဲ့ အစိတ်အပိုင်းကို လှုံ့ဆော်ပေးနိုင်ပါသတဲ့။ ဒါ့အပြင် လူကြီးတွေမှာ ကိုယ့်ဟာကိုယ် သုံးဖြုန်းတာထက် သူတစ်ပါးကို ပေးကမ်းရတာကြောင့် စိတ်ပျော်ရွှင်မှုကို ပိုရတယ်လို့ ဆိုပါတယ်။ ဒီလိုပေးကမ်းခြင်းဖြင့် ငှက်နှစ်ကောင်ကို ခဲတစ်လုံးနဲ့ပစ်ရာ ရောက်ပါတယ်။ သူတစ်ပါးကိုတင် ပေးကမ်းရတာအပြင် ကိုယ့်ရဲ့စိတ်ပျော်ရွှင်မှုကိုလည်း ရစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်သုံးမယ့်ထဲက နည်းနည်းခွဲပြီး သူတစ်ပါးကို ပေးကမ်းပါ။ သွေးလှူပါ။ လိုအပ်နေတဲ့လူတွေအတွက် ချက်ပြုတ်ကျွေးမွေးပါ။ ဘိုးဘွားရိပ်သာတွေမှာ လုပ်အားပေးပါ။
၄။ ချက်ပြုတ်ပါ။
အသင့်စား ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားတာထက် ကိုယ့်ဟာကိုယ် ချက်ပြုတ်ပြင်ဆင်တာဟာ အကောင်းဆုံးပဲဆိုတာ ဘယ်သူမှ မငြင်းဘူးထင်ပါတယ်နော်။ ကိုယ့်ဟာကိုယ် ချက်ပြုတ်ခြင်းဖြင့် ဆား၊ သကြား၊ အဆီတွေ ပိုနည်းစေပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်၊ အင်တီအောက်စီဒန့်၊ အမျှင်ဓာတ်တွေလည်း ပိုမိုများပြားတာပေါ့။ ဒါကြောင့် အချိန်ရတုန်း ချက်ပြုတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ ရပါတယ်။
၅။ အိပ်ပါ။
အိပ်ရေးဝတာဟာ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အကောင်းဆုံးအားဆေးပါပဲ။ လူအတော်များများက ဒါကို လျော့တွက်ထားကြတတ်တယ်နော်။ အိပ်ရေးမဝခြင်းဟာ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးချို၊ နှလုံးရောဂါ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝခြင်းမဝခြင်းနဲ့ ကျန်းမာရေးဆိုတာ တိုက်ရိုက်အချိုးကျတယ်ဆိုတာ မမေ့ပါနဲ့နော်။
၆။ ဖုန်းပိတ်ထားပါ။
အချိန်တိုင်း ဖုန်း၊ အီးမေးလ်ကို စစ်ဆေးနေစရာ မလိုဘူးဆိုတာ အရမ်းကို စိတ်ကို သက်သာစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် တစ်နာရီ၊ ၂ နာရီလောက်ကြိုပြီး ဖုန်းပိတ်ထားလိုက်ပါ။ ဒီလိုပိတ်ပြီး စာအုပ်ကောင်းကောင်းတစ်အုပ် ဖတ်ပါ။ ခဏတစ်ဖြုတ် ဖုန်းပိတ်ထားရုံနဲ့ ဘယ်သူမှ ဒုက္ခမရောက်နိုင်ဘူးနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















