မဂ္ဂနီဆီယမ်ဓာတ်သည် သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပါသလား
အမေရိကန်ပြည်ထောင်စုတွင် အရွယ်ရောက်ပြီးသူ သုံးပုံတစ်ပုံမှာ သွေးတိုးရောဂါကိုခံစားနေရပြီး ထိုထဲမှ တစ်ဝက်ခန့်သာလျှင် ၄င်းတိို့၏သွေးပေါင်ချိန်ကို ပြန်လည်ထိန်းညှိနိုင်ကြသည်။ သွေးတိုးရောဂါသည် အမေရိကန်တွင်အဖြစ်များဆုံးသောသေဆုံးရခြင်း၏ အကြောင်းရင်းနှစ်ရပ်ဖြစ် သည့် နှလုံးရောဂါနှင့် လေဖြတ်ရောဂါတို့ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြီး သိသာသောရောဂါလက္ခဏာများ ကြိုတင်မပြတတ်သည့်အတွက် သွေးတိုးရောဂါကို “အသံတိတ်လူသတ်သမား” (Silent Killer) ဟု တင်စားခေါ်ဝေါ်ကြပါသည်။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း (American Heart Association) ၏ သွေးတိုးရောဂါနှင့် ပတ်သက်သည့်စာစောင်တွင်ဖော်ပြခဲ့သည့် သုတေသနတွေ့ရှိချက်အရ မဂ္ဂနီဆီယမ်ဓာတ်သည် သွေးတိုးရောဂါသက်သာစေနိုင်ကြောင်းသိရသည်။
အင်ဒီယာနာတက္ကသိုလ် (Indiana University) ၏ ဆေးပညာသုတေသန အစီအစဉ်မှ ငွေကြေးထောက်ပံ့ခဲ့သည့် သုတေသနလေ့လာမှုတွင် လူ 2,028 ဦးပါဝင်ခဲ့ပြီး လက်တွေ့ဆေးကုထုံးဆိုင်ရာ စမ်းသပ်မှု (34) ခုကို ပြုလုပ်ခဲ့သည်။ လေ့လာမှုတွင် ပါဝင်ခဲ့သူများအနက် နေ့စဉ်မဂ္ဂနီဆီယမ်ဓာတ်ပျမ်းမျှ 368 မီလီဂရမ်ကို သုံးလခန့်စားသုံးခဲ့သူများသည် အပေါ်သွေးပေါင်ချိန် 2 မီလီမီတာမာကျူရီနှင့် အောက်သွေး 1.78 မီလီမီတာမာကျူရီ ကျဆင်းသွားကြောင်းတွေ့ရှိခဲ့ရသည်။ မဂ္ဂနီဆီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ဇီဝဓာတ်ပြုမှုဖြစ်စဉ်ပေါင်း 300 ကျော်တွင်ပါဝင်နေပြီး အာရုံကြောနှင့် ကြွက်သားများလုပ်ဆောင်မှုကို ထိန်းညှိပေးခြင်း၊ နှလုံးကြွက်သားများကို အထောက်အကူပြုခြင်း၊ အရိုးများခိုင်မာစေရန်လည်းကူညီပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်။ ကုန်ကျစရိတ်သက်သာပြီး ဘေးထွက်ဆိုးကျိုးနည်းသော မဂ္ဂနီဆီယမ်ဓာတ်အားဆေးများသည် သွေးတိုးရောဂါဖြစ်နိုင်ခြေများသူများနှင့် ရောဂါရှင်များအတွက် ရွေးချယ်စရာ တစ်ခုဖြစ်လာနိုင်ကြောင်း သုတေသနတွင်ဦးဆောင်ခဲ့သူ Yiqing Song ကပြောကြားသည်။ နေ့စဉ် မဂ္ဂနီဆီယမ်ဓာတ် (300) မီလီဂရမ်ခန့် စားသုံးခြင်းဖြင့် သွေးတွင်းမဂ္ဂနီဆီယမ်ဓာတ် ကို မြင့်တက်စေပြီး သွေးလှည့်ပတ်မှုတိုးတက်ကောင်းမွန်ကာ တစ်လအတွင်း သွေးပေါင်ကျ ဆင်းစေကြောင်းတွေ့ရှိရသည်။ သို့ရာတွင် မဂ္ဂနီဆီယမ်ဓာတ်၏ သွေးတိုးရောဂါ သက်သာစေသောအာနိသင်မှာ မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့နေသူများ၊ မလုံလောက်သူများအတွက်သာ အကျိုးသက်ရောက်မှုရှိသည်ဟုသာ ယခုတွေ့ရှိချက်မှတဆင့် ယူဆနိုင်ကြောင်း၊ ယခုတွေ့ရှိချက်သက်သေကြောင့် ခန္ဓာကိုယ်တွင်း ရှိသင့်ရှိထိုက်သော မဂ္ဂနီဆီယမ်ဓာတ်ပမာဏရှိခြင်းသည် သွေးတိုးရောဂါကိုသက်သာစေနိုင်ကြောင်း (သို့မဟုတ်) ကာကွယ်နိုင်ကြောင်းညွှန်ပြလျက်ရှိသည်ဟု Song ကဆိုသည်။
AHA မှ ပြောရေးဆိုခွင့်ရှိသူ အာဟာရပညာဆိုင်ရာပါမောက္ခ Penny Kris-Etherton ကမူ သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်သည့် လိုအပ်သော မဂ္ဂနီဆီယမ်ဓာတ်ပမာဏကို နေ့စဉ်အာဟာရမျှတစွာ စားသုံးခြင်းပုံစံဖြင့်လည်း ရရှိနိုင်သည်ဖြစ်ရာ မဂ္ဂနီဆီယမ်ဖြည့်စွက်အားဆေးများ ထပ်မံသောက်သုံးရန်မလိုဘဲ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်၀သော အစိမ်းရောင်ရှိသည့် အသီးအရွက်များ၊ ပဲတောင့်ရှည်၊ အခွံမာသီး၊ အစေ့အဆန်များ၊ ဆန်လုံးညို၊ ဂျုံနှင့် ကောက်ပဲသီးနှံများကို ထည့်သွင်းစားသောက်သွားသင့်ကြောင်း အကြံပြုပြောကြားခဲ့ပါသည်။
Dr. Thanda Linn
















