မထင်မှတ်ထားသည့် ဆီးချိုအန္တရာယ်
“ မကျော့ရေ..မကျော့..ဟောတော့ဘယ်လိုဖြစ်တာတုန်း.. အမသတိထား "
ရုံးခန်းကျဉ်းလေးထဲမှာစိုးရိမ်တကြီးအသံတွေဆူညံသွားပါတယိ။
"ဆေးရုံပို့ရမယ်ထင်တယ်.မူးနေတာလားမသိ.. ကားခေါ်ကြပါဦး "
ဆူညံသံတွေကိုမကြားတချက်ကြားတချက်နဲ့ မမကျော့တစ်ယောက် သတိမရတချက်၊ ရတချက်ဖြစ်နေရှာပါတယ်။ ခေါင်းတွေမူးပီးချွေးစေးတွေ ရုတ်တရက်ပြန်လာတာသတိထားမိလိုက်ပြီး ရင်တွေတလှပ်လှပ်တုန်လာကာ မူးသွားတာဖြစ်ပါတယ်။
" ဟာ.. မမ.....ဘာဖြစ်သလဲ.. မူးသလား "
" မျက်စိတွေ ဝါးနေတယ်၊ ရင်အရမ်းတုန်တယ်.."
မမကျော့ရဲ့နှုတ်ကထွက်သမျှစကားတွေကပလုံးပထွေး..
Naturally Better 1

ကံကောင်းထောက်မစွာပဲ မမကျော့ညီမ မစိုးရောက်လာပါတယ်။ မစိုးကဝိုင်းနေကြတဲ့ ရုံးကလူတွေကိုအတင်းဖယ်ပြီး သူ့အမကိုကြည့်လိုက်ပါတယ်။ ဘာဖြစ်တယ်ဆိုတာ စိတ်ထဲမှာလင်းခနဲ။
ချက်ချင်း မန်နေဂျာအခန်းထဲဝင်၊ ကော်ဖီစင်ကနေ သကြားဘူးကို လက်တုန်တုန်ယင်ယင်နဲ့ဖွင့် သကြားတဇွန်းကိုဖန်ခွက်မှာထည့်၊ အနီးကအဆင်သင့်တွေ့တဲ့ရေသန့်ဘူးထဲက ရေလောင်းထည့်ချလိုက်ပြီး ခွက်ကိုကိုင်ကာ သူ့အမဆီကို အမောတကောပြန်ပြေးချလာပါတယ်။
မူးပီးယိုင်တိယိုင်ထိုးဖြစ်နေတဲ့အမကို သကြားရည်ခွက်လေးကို နှုတ်ခမ်းမှာ တေ့ပေးလိုက်ပါတယ်။ နောက်ကနေ အသာပွေ့ထားကိုင်ထားပေးတဲ့ မန်နေဂျာကြီးကိုတော့ အားနာကျေးဇူးတင်မိပါရဲ့။
သကြားရည်ဝင်သွားပြီး အမကနည်နည်းလန်းလာပေမယ့် ရင်တုန်နေကြောင်း လက်ဟန်နဲ့ပြပါတယ်။ စိုးစိုး နောက်ထပ်သကြားထပ်ဖျော်ပါတယ်။ နှစ်ခွက်လောက်ဝင်အပြီး မမကျော့ရင်တုန်တာရော၊ အမူးပါသက်သာလာပါပြီ။
Naturally Better 2

စိုးစိုးတယောက် ထမင်းချိုင့်လေး အသာချ.. သူ့အမကိုအသာတွဲပြီး အိတ်ကလေးလွယ်လို့ နီးစပ်ရာ တက္ကစီခေါ်ကာ ဆေးခန်းတခုကို ချက်ချင်းသွားရပါတယ်။ ဆီးချိုဖောက်စစ်ပြီး ဆေးထပ်သွင်းခဲ့ရပြီး ညနေပိုင်းမှာတော့ မမကျော့တယောက် ထူထူထောငိထောင်ဖြစ်သွားပါပေါ့။
*****
" စိုးသာ မလာရင် မမဘယ်လိုလုပ်မလဲ...ဆရာ့ဆီ ပရောဂျက်ဖိုင်ယူဖို့ ဝင်ခဲ့မိလို့သာပေါ့ "
မမကျော့တယောက် လူကြီးလေးလို အားမလိုအားမရဆူနေတဲ့ စိုးစိုးရှေ့မှာခေါင်းလေးငုံ့ပြီး မကြားသယောင် ကြားသယောင်။
" ဆီးချိူးဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ်မပြောင်းနဲ့လို့ပြောတယ်၊ အစာကို အချိန်မှန်မှန်စားပါပြောလား၊ မပြောဘူးလား။ ဆီးချိုစက်လေး တစ်ခုဝယ်ထားပါပြောတယ်။ ကပ်စေးနဲနေတယ်..စိုးဝယ်ပေးရမလား "
" ကောင်းနေပြီမို့လို့ ငါ့ဘာသာကြည့်သောက်နေတာ..ဘယ်လိုဖြစ်သွားတယ်မသိဘူး "
" ဆီးချိူကျသွားတာအမရဲ့…. ဟိုနေ့ကဆရာလည်းပြောတာကြားတယ်မလား.. တအားထိုးကျသွားတာ အမသတိလစ်သွားနိုင်တယ်..နားလည်လား"
စိုးစိုးက အသံကျယ်ကျယ်နှင့် ရုတ်တရက်ကုန်းအော်လိုက်တော့ မမကျော့တယောက် လန့်သွားကာ မျက်လုံးလှန်ကြည့်သည်။ ဒီအချိန်မှာ ဆက်ငြိမ်နေတာ အကောင်းဆုံးဖြစ်မည်ဟု မမကျော့ထင်သည်။ ကျတော့လဲ ပြဿနာ၊ တက်တော့လဲ ပြဿနာ။ အတော်ဇယားရှုပ်တဲ့ ဆီးချိုရောဂါ။ ငါ့ခန္ဓာကိုယ်ထဲ ဘယ်လိုဝင်လာပါလိမ့်။ မမကျော့ တစ်ယောက် တုံဏိဘာဝေ။
"...အမရ.. ဆီးချိူဆေးဆိုတာ အမသောက်ချင်တိုင်းသောက်လို့် မရဘူးလေ... ဆီးချိူထိုးကျသွားတာရော တက်တာရောဖြစ်နိုင်တယ်လို့. မခင်ခင် ပြောထားတာပဲ.. တကယ်ကျ ဒေါက်တာခင်လည်း ဒီလောက်သဘောကောင်းနေတာ။ အမပုံမှန်ပြပြီး ဆေးချိန်ရမယ်၊ ဆီးချိုစစ်ရမယ်.. အခုကြည့် အရေးဟယ်အကြောင်းဟယ်.. အမဘယ်လိုလုပ်မလဲ.. စိုးမလာရင် မမဒုက္ခရောက်ပါပေါ့.. ပြောစကားတွေလည်းနားမထောင်ဘူး စိုးစိုးမောပြီ.. "
မမကျော့က ဆီးချိုရောဂါရှင်။ သိတာလဲကြာပီ၊ မပြတချက် ပြတချက်။ အစားကလဲ ရှောင်လိုက်၊ မရှောင်လိုက်။ ကိုယ့်ဆီးချိူ ဘယ်လိုအခြေအနေရောက်နေမှန်း ကိုယ့်ဘာသာမသိ။
မိမိထက်စာလျှင် စိုးစိုးက ဗဟုသုတရှိသည်။ ပြောတာ အကြောင်းအကျိုးသင့်သော်လည်း ညီအမချင်း ကိုယ့်ကိုဆရာအလုပ်ကမခံချင်။ တကယ်တော့ သူပြောတာလည်း မှန်သင့်သလောက်မှန်သည်။ ဆီးချိုရှိမှန်းစသိတော့ လမ်းထိပ်က ဒေါက်တာခင်ခင်က လိုအပ်သမျှ ရှင်းပြပြီးသား။ ခင်ခင်က ဆွေမျိုးလည်းမကင်း။ စကားပြောချိူသလို စေတနာပြည့်ဝသည်။ မှန်မှန်သောက်ဖို့၊ ဆေးသောက်နည်း၊ အစာစားနည်း အကုန်ပြောပြထားသော်လည်း သိပ်မမှတ်မိချင်။ ဆီးချိူဖောက်စက် ဝယ်ရမှာမှန်းသိသည်။ တခြားကုန်စရာထွေထွေထူးထူးမရှိဘဲ ငွေကြေးအဆင်ပြေသော်လည်း ဝယ်ဖို့ကို ဟိုရွှေ့ဒီရွှေ့ ရက်ကို ရွှေ့နေမိသည်။ စိုးစိုးက ဒါကိုသိသည်။ ဝယ်နိုင်ရက်နှင့် မဝယ်တာကို စိုးစိုးက ပိုစိတ်တိုသည်။ ဆီးချိုစက်လေးနှင့် မှန်မှန်ဖောက်စစ်ပြီး စာအုပ်လေးတစ်အုပ်ထဲမှာ မှတ်တမ်းလေးလုပ်ထားရင် အတက်အကျပုံမှန်သိနိုင်မည့်အပြင် မိမိရောဂါအကြောင်းလဲအလိုလို သတိထားမိသားဖြစ်သွားမည်။
နောက်တခုက မမကျော့က ဘယ်လိုနားလည်ရမည်မသိလာက်အောင် အရှက်ကြီးသည်။ သူ့မှာဆီးချိူရှိမှန်း ဘယ်သူမှ မသိစေချင်။ စိုးစိုးက မကြိုက်။ နီးစပ်ရာ အလုပ်တူတူ လုပ်သူကိုတော့ ပြောပြထားသင့်သည်ဟု ယူဆသည်။ ဒါမှ ကိုယ်တခုခုဆို ဘာလုပ်ပေးရမှန်း၊ ဘာဖြစ်မှန်း သူတို့ဂရုပြုမိမည်။ သကြားရည်လေးတိုက်၊ ချိုချဉ်လေးကျွေး၊ ထန်းလျက်ခဲလေးပင်ဖြစ်စေ အထောက်အကူဖြစ်သည်။ ပြီးမှ ဆေးခန်းကိုခေါ်သွားရင် နောက်မကျ၊ အနည်းဆုံးအန္တရာယ်ရှိသည့်အခြေအနေကိုတော့ ကျော်ပြီးဖြစ်မည်။
မမကျော့တစ်ယောက် တစ်ခေါက်ဆိုတစ်ခေါက် သင်ခန်းစာရလောက်ပြီလို ့စိုးစိုးတစ်ယောက် မျှော်လင့်နေရင်း....
ဂျီပီငှက် (ဆေး-မန်း) (www.drmyanmar.com)















