/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်နိုးတဲ့အချိန်မှာ-ဒါတွေမလုပ်နဲ့နော်

မနက်နိုးတဲ့အချိန်မှာ ဒါတွေမလုပ်နဲ့နော်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.      နှိုးစက်ကို ပြန်ပိတ်ပြီး အိပ်စက်ခြင်း - နေ့စဉ်နေ့တိုင်း အချိန်မှန် အိပ်စက်၍ အချိန်မှန် နိုးထခြင်းဖြင့် ကောင်းစွာ အနားရနိုင်ပါတယ်။

2.      အိပ်ရာမှ အမြန်ထခြင်း -       လှဲနေရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါမှာ သွေးတွေဟာ ကမ်ဘာ့ဆွဲငင်အားကြောင့် ခြေထောက်ဆီသို့ စီးဆင်းသွားတာကြောင့် သွေးပေါင်ချိန် ရုတ်တရက် ပြုတ်ကျကာ ခေါင်းမူးနိုင်ပါတယ်။ ဒါကြောင့် မတ်တတ်မရပ်မီ ခုတင်စွန်းမှာ ခဏထိုင်ခြင်းဖြင့် မူးေ၀ခြင်း၊ သတိလစ်ခြင်းတို့ကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

3.      ကော်ဖီမသောက်ဘဲ နေကြည့်ခြင်း - မနက် အိပ်ရာထတဲ့အခါမှာ ကော်ဖီသောက်ေ့လရှိတဲ့သူတွေဟာ မသောက်ရတဲ့အခါမှာ အလွယ်တကူ ပင်ပန်းလွယ်၍ အာရုံမစူးစိုက်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနဲ့ အအေးမိတုပ်ကွေး လက္ခဏာတွေကို ခံစားရခြင်း စတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကဖိန်းကို ဖြတ်တဲ့အခါမှာ အထက်ပါဆိုးကျိုးတွေ မခံစားရစေဖို့ ဖြည်းဖြည်းချင်းသာ ဖြတ်သင့်ပါတယ်။

4.      သွားတိုက်ဖို့ မေ့လျော့ခြင်း - ညစဉ်ညတိုင်း သွားပေါ်မှာ အဖတ်လေးတွေ ဖြစ်ပေါ်ပြီး ကပ်နေတတ်ပါတယ်။ ဒါကြောင့် မနက် မိုးလင်းတဲ့အချိန်မှာ သွားမတိုက်ပါက အဲဒီအဖတ်တွေဟာ တဖြည်းဖြည်း မာလာပြီး သွားဆရာ၀န်ရဲ့ အကူအညီနဲ့မှသာ ဖယ်ရှားနိုင်တော့မှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားပိုးစားခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ သွားဖုံးရောဂါရခြင်းအပြင် အခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

5.      ကော်ဖီသောက်ပြီးတိုင်း သွားတိုက်ခြင်း -      ကော်ဖီထဲမှာ အက်ဆစ်ပါ၀င်တာကြောင့် ကော်ဖီသောက်ပြီးတာနဲ့ သွားမတိုက်သင့်ပါဘူး။ အက်ဆစ်ပါ၀င်တဲ့အရည်တွေ သောက်ပြီးပြီးချင်း သွားတိုက်တာဟာ ကြွေလွှာတွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ကော်ဖီ မသောက်မီဖြစ်ဖြစ်၊ အက်ဆစ်ဓာတ်ပြယ်အောင် သောက်ပြီး မိနစ် 30-60 ကြာမှဖြစ်ဖြစ်သာ သွားတိုက်သင့်ပါတယ်။

6.      အီးမေးလ်စစ်ဆေးခြင်း -       လူမှုဆက်ဆံရေးကွန်ရက်၊ အီးမေးလ်နဲ့ အခြားသောနည်းပညာပစ္စည်းတွေကို အမြဲမပြတ် ကြည့်ရှုစစ်ဆေးနေခြင်းဖြင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အီးမေးလ်ကို အရင်ဆုံး စစ်ဆေးလိုက်ပါက အခြားအလုပ်တွေလုပ်ဖို့ ပိုပြီးဖိအားတွေ များလာနိုင်ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ အချိန်ခဏယူပြီး အီးမေးလ် စတဲ့ ဒီဂျစ်တယ်ပစ္စည်းတွေနဲ့ ေ၀းေ၀းနေသင့်ပါတယ်။ ပထမပိုင်းမှာတော့ အနည်းငယ် အားထုတ်ဖို့ လိုပေမယ့် ရေရှည်မှာ အလုပ်ပိုတွင်ကျယ်နိုင်တဲ့အပြင် ပျော်ရွှင်တက်ကြွမှုကိုလည်း ခံစားလာရစေပါတယ်။

7.      အစီအစဉ်ရေးဆွဲထားခြင်းမရှိဘဲ နေ့တစ်နေ့ကို စတင်ခြင်း -  ဒီနေ့ ဘာလုပ်မယ်၊ ဘာကြောင့်လုပ်ရမယ် စတဲ့အတွေးမရှိဘဲ နေ့တစ်နေ့ကို စတင်လိုက်တာဟာ ဘ၀ရဲ့ အဓိပ္ပာယ်တွေ၊ အောင်မြင်တိုးတက်မှုတွေကို ပျောက်ဆုံးစေမှာပါ။ အလုပ်ကိစ္စဖြစ်စေ၊ မိသားစုအရေးဖြစ်စေ၊ လူနေမှုဘ၀ပုံစံဖြစ်စေ မိမိအတွက် ဘယ်ဟာအရေးကြီးဆုံးလည်းဆိုတာ သိထားဖို့လိုပြီး နေ့စဉ်လုပ်ဆောင်ချက်တွေဟာ မိမိဖြစ်ချင်တဲ့အရာတွေကို ဦးတည်နေဖို့ အရေးကြီးပါတယ်။ ဦးစားပေးအစီအစဉ်တွေကို စာရင်းပြုစုပြီး တစ်နေ့ကုန်တိုင်း မိမိရဲ့တိုးတက်မှုအခြေအနေကို မှတ်တမ်းတင်ပါ။

8.    နေ့စဉ်လူမှုဘ၀ပြဿနာတွေနဲ့ နေထိုင်ခြင်း - ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားပြီးတာနဲ့ တစ်ပြိုင်နက် ခဏမေ့ထားပြီး ဘ၀အတွက် အဓိပ္ပာယ်ရှိတဲ့ အရာတွေနဲ့ အချိန်ကုန်ဆုံးနိုင်ဖို့ ကြိုးစားပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် လူတွေနဲ့ ဆက်ဆံတဲ့နေရာမျာ ပိုမိုပျော်ရွှင် ကျေနပ်လာရပြီး ကျန်းမာရေးလည်း ပိုကောင်းလာတာကို သတိပြုမိပါလိမ့်မယ်။ အရေးကြီးတဲ့အရာတွေကို ခေါင်းထဲမှာ စာရင်းပြုစုထားပြီး ဦးစားပေးရမယ့်ကိစ္စတွေကိုသာ ဦးစွာလုပ်ဆောင်ပါ။

9.    တိတ်ဆိတ်အေးချမ်းတဲ့အချိန်ကို မေ့ပစ်ခြင်း - တစ်နေကုန် အလုပ်တွေနဲ့ပဲ လုံးပန်းနေရပါက မနက်စောစောအချိန်မှာ မိနစ်အနည်းငယ်လောက် တရားထိုင်ခြင်းဖြင့် စိတ်ညစ်ညူးမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှူတာကိုပဲ အာရုံစိုက်ပြီး ၀င်လာတဲ့ အတွေးတွေကို မောင်းထုတ်ပစ်ပါ။ တရားမှတ်နေခြင်းဟာ စိတ်ဖိစီးမှု ဟော်မုန်းကို လျော့ကျစေတာကြောင့် စိတ်ပူပန်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ သွေးတိုးခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စတဲ့ ေ၀ဒနာတွေကို သက်သာစေနိုင်ပါတယ်။

10.    မနက်စာ မစားခြင်း - မနက်စာကို ပုံမှန်စားတဲ့သူတွေဟာ ခန္ဓာကိုယ်အဆီကို နည်းစေကာ အတွေးအခေါ်တွေကိုလည်း သစ်လွင်လတ်ဆတ်စေပါတယ်။ ထို့ပြင် ဆီးချိုအမျိုးအစား (2) နဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတို့ကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် မနက်စာ စားသုံးခြင်းဟာ နေ့တစ်နေ့ကို စိတ်ကြည်နူးဖွယ် ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

11.    အချိုလွန်ကဲစွာ စားသုံးခြင်း - ဒိုးနတ်နဲ့ ဂျုံမှုန့်ကလုပ်တဲ့ အခြားအချိုမုန့်တွေဟာ အာဟာရဓာတ်မရှိတဲ့အပြင် သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေနိုင်တာကြောင့် မောပန်းလွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ ဆာလောင်ခြင်း စတဲ့ မကောင်းတဲ့ဆိုးကျိုးတွေ ခံစားရစေနိုင်ပါတယ်။ ဥမှရတဲ့ ပရိုတင်းဓာတ်၊ ဒိန်ခဲနဲ့ ကစီဓာတ် ပါ၀င်မှုများတဲ့ ကွေကာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အစာကြေလွယ်တဲ့အပြင် ဆာလောင်မှုကိုလည်း လျော့ကျစေကာ ခွန်အားလည်း ဖြစ်စေနိုင်ပါတယ်။

 

Dr. Thinzar Wynn (www.drmyanmar.com)