မနက် အိပ်ရာထမှာ လည်ပင်းကြီး တောင့်နေတဲ့အခါ ...
အိပ်ရာက နိုးပြီးတော့ ထထိုင်လိုက်တဲ့အခါမှာ လည်ပင်းကြီးက တောင့်နေပြီးတော့ လှည့်လို့မရတာမျိုးကို ကြုံဖူးပါသလား။ ဒီလိုဖြစ်တာက အိပ်မက်ဆိုးမက်လို့ မဟုတ်ပါဘူး။ ဘာလို့ ဒီလိုမျိုးဖြစ်ရလဲဆိုရင် -
1. လည်ပင်းအရိုးဆစ် တစ်ခုနဲ့တစ်ခုကိုဆက်ပေးထားပြီးတော့ လည်ပင်းကို လှုပ်ရှားနိုင်အောင် လုပ်ပေးတဲ့ အဆစ်သေးသေးလေးတွေထဲက တစ်ခုက lock ကျသွားလို့ပါ။
2. လည်ပင်းမှာရှိတဲ့ ခေါင်းကို လှည့်လို့ရအောင် ထောက်ပံ့ပေးထားတဲ့ ကြွက်သားတွေ တောင့်တင်းသွားလို့လည်း ဖြစ်နိုင်ပါတယ်။ အိပ်နေတုန်းမှာ လည်ပင်းပုံစံ မမှန်ကြီးနဲ့ တစ်ညလုံး အိပ်လို့ဖြစ်နိုင်ပါတယ်။
>> လည်ပင်းကြီး တောင့်နေရင် အောက်ပါရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ကြိုးစားကြည့်ပါ။
လည်ပင်းကြီး တောင့်ရတဲ့ အကြောင်းအရင်းကတော့ နေထိုင်ပုံမမှန်လို့ (သို့) အသုံးပြုတဲ့ပုံစံမှားလို့ ကြာလာတဲ့အခါမှာ ကြွက်သားတွေအားနည်းလာလို့ပါ။ တစ်နေ့လုံး ကွန်ပျူတာကို ငုံ့ကြည့်ပြီးတော့ အလုပ်လုပ်နေရတဲ့အခါမှာ လည်ပင်းအဆစ်နားက ကြွက်သားတွေကို ပင်ပန်းပြီးတော့ ဒဏ်ဖြစ်စေပါတယ်။ ကား အကြာကြီး မောင်းရတာ၊ ဖုန်း အကြာကြီး သုံးတာတွေလည်း အတူတူပါပဲ။ ဒီလိုမျိုး တစ်နေ့ပြီးတစ်နေ့ လုပ်လာတဲ့အခါမှာတော့ ဒီဒဏ်တွေစုပြီးတော့ လည်ပင်းအဆစ်တွေကို လွဲလာစေပါတယ်။
လည်ပင်းကြွက်သားတွေ အားနည်းလာတဲ့အခါမှာ လည််ပင်းကိုလှည့်ဖို့ ကြိုးစားရင် အဆစ်တွေက လွဲနေတဲ့အတွက် ချောမွေ့စွာ အလုပ်မလုပ်တော့ပါဘူး။ ဒီလိုအဆစ်တွေ ကောင်းကောင်း အလုပ်မလုပ်ဘဲနဲ့ ကြွက်သားတွေကို သွားပြီးဆွဲမိရင် (သို့) အာရုံကြောကို သွားပြီး ရိုက်မိတဲ့အခါတွေမှာ နာကျင်မှုတွေကို ခံစားရစေပါတယ်။ ဒီလိုမဖြစ်စေဖို့ကို ကာကွယ်တဲ့အနေနဲ့ ခန္ဓာကိုယ်က လှည့်လို့မရအောင် လုပ်ထားလိုက်ပါတယ်။
>> အနေအထားမှန်ဖို့ လိုပါတယ်။
ကိုယ်လုံးကို မတ်မတ်ထိုင်ပါ၊ ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံးနဲ့ တစ်တန်းတည်း ဖြစ်နေအောင် ထားပါ။ ကွန်ပျူတာ သုံးနေတုန်းမှာ ခေါင်းကို အောက်ငုံ့ကြည့်ရတာ၊ ဘေးစောင်းကြည့်ရတာတွေက လည်ပင်းကို နာစေပါတယ်။ ကားမောင်းတဲ့အခါ၊ ဖုန်းသုံးတဲ့အခါတွေမှာလည်း မကြာခဏ နားနားပေးပါ။ ပြီးတော့ ခေါင်းကို အရှေ့ကို အကြာကြီး ငုံ့ထားတာမျိုး မလုပ်ပါနဲ့။ လည်ပင်းတောင့်တာကို သက်သာစေမယ့် အဓိကအချက်တွေကတော့ လည်ပင်းကို အကြောတွေကို ဖြေလျှော့ပေးဖို့ပါပဲ။ ကိုယ့်ရဲ့ထိုင်ခုံပေါ်မှာ၊ ကားထဲမှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းအချို့ကတော့ -
● ပုခုံးကို နောက်ဘက်နဲ့ အောက်ဘက်ကို ၁၀ ကြိမ်လှည့်ပါ။
● လက်ပြင်ရိုးကို ၁၀ ကြိမ်ညှစ်ပါ။
● လက်နှစ်ဖက်ကို ခေါင်းအနောက်မှာထားပြီးတော့ ခေါငး်ကို နောက်ကို ကော့ချပါ။ စက္ကန့် ၃၀ ခန့်နေပါ။
● နားနဲ့ပခုံးထိတဲ့အထိ ခေါင်းကို ဘေးစောင်းပါ။ တစ်ဖက်ကို ၁၀ ကြိမ် လုပ်ပါ။
>> အိပ်တဲ့အခါမှာလည်း သတိထားပါ။
လည်ပင်းကြီး နာနေတယ်၊ တောင့်နေတယ်ဆိုရင် အိပ်တဲ့အခါမှာလည်း အနေအထားကို သတိထားဖို့ လိုပါတယ်။ ဘေးစောင်း (သို့) ပက်လက်လှန်ပြီးပဲ အိပ်ပါ။ ဘယ်တော့မှ မှောက်ပြီး မအိပ်ပါနဲ့။ မှောက်အိပ်တဲ့အခါမှာ ခေါင်းကို တစ်ဖက်ဖက်ကို လိန်ပြီးအိပ်ရတဲ့အတွက် လည်ပင်း နာစေပါတယ်။
အောက်ပါ အိမ်တွင်းကုထုံးလေးတွေကိုလည်း လုပ်ကြည့်နိုင်ပါတယ်။
● နာနေတဲ့နေရာကို ရေနွေးဝတ် (သို့) ရေခဲကပ်ပေးလို့ ရပါတယ်။ ပထမ ၄၈-၇၂ နာရီမှာ ရေခဲကပ်ပေးပြီးတော့ ပြီးရင် အပူကပ်ပေးပါ။ အပူကပ်တဲ့အခါမှာ ရေနွေးနဲ့ ရေချိုးပေးတာ၊ ရေနွေးအိတ် ကပ်ပေးတာတွေ ရပါတယ်။ အပူကပ်နေရင်းသား၊ ရေခဲကပ်နေရင်းသား အိပ်ပျော်သွားရင် ဒဏ်ရာရမှာစိုးတဲ့အတွက် အိပ်ပျော်မသွားအောင်တော့ သတိထားဖို့ လိုတယ်နော်။
● အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။
● လှုပ်လှုပ်ရှားရှားနေပါ။ ဒါပေမဲ့လည်း ဆတ်ခနဲ လှည့်တာတွေ၊ နာကျင်အောင် လုပ်တာတွေတော့ မလုပ်ပါနဲ့။
● ဖြေးဖြေးလေး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။ ခေါင်းရှေ့နဲ့နောက်၊ ဘေးဘက်တွေ လှည့်တာလိုမျိုး လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။ ဒါက လည်ပင်းကြွက်သားတွေကို ပြေလျော့စေပါတယ်။
● ဆရာဝန်ကို မေးပြီးတော့ လည်ပင်းကော်လာ တပ်ပါ။ ဒါပေမဲ အကြာကြီး တပ်ထားရင်လည်း လည်ပင်းကြွက်သားတွေကို အားနည်းစေပါတယ်။
လည်ပင်းနာလို့ လုပ်နေကျ အလုပ်တွေကိုတောင်မှ မလုပ်နိုင်တော့ဘူး ဆိုရင်တော့ ဆရာဝန်သွားပြဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















