/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပေါ့ဆသင့်တဲ့-ရင်ပူနာ-အက်စစ်ပြန်တက်တဲ့ရောဂါ

မပေါ့ဆသင့်တဲ့ ရင်ပူနာ (အက်စစ်ပြန်တက်တဲ့ရောဂါ)

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာအိမ်ထဲက အက်စစ်တွေက အစာအိမ်ထဲကနေ အစာရေပြွန်ထဲ ပြန်တက်တာက တစ်ပတ်မှာ နှစ်ခါထက်မကဖြစ်ရင် အက်စစ်ပြန်တက်တဲ့ရောဂါလို့ သတ်မှတ်ပါတယ်။

>>  လက္ခဏာတွေကတော့ -
1.  ဗိုက်ထဲမှာ ပူနေတာ ဒါမှမဟုတ် ရင်ဘတ်အောက်ပိုင်းက ပူတာ
2.  ပါးစပ်ထဲမှာ ချဉ်တဲ့အရသာ၊ မကောင်းတဲ့အရသာမျိုး ခံစားရတာ
3.  အစာမျိုချရာမှာ အခက်အခဲ ရှိတာ
4.  ချောင်းဆိုးတာ၊ တရွှီရွှီမြည်တာ၊ ရင်ဘတ်နာတာမျိုးလည်း ခံစားရတတ်ပါတယ်။

>>  ဘာကြောင့် ဖြစ်ရတာလဲ?
ကိုယ်က အစာမျိုချလိုက်ရင် အစာရေပြွန် အောက်ဆုံးမှာရှိတဲ့ အဆို့လေးက အစာတွေ အစာအိမ်ထဲ ဝင်လို့ရအောင် ဖွင့်ပေးရပါတယ်။ ပြီးရင်တော့ အစာတွေ၊ အစာခြေအက်ဆစ်ရည်တွေ ပြန်မတက်အောင် ပြန်ပိတ်ထားရပါတယ်။ ဒီအဆို့ရှင်လေး မကောင်းလို့ ကောင်းကောင်းပြန်မပိတ် မလုံတော့တဲ့အခါ အက်ဆစ်တွေက ပြန်တက်လာပြီး အစာရေပြွန်ထဲကို ပြန်တက်လာတာ ဖြစ်ပါတယ်။

Kremil-S 1

>>  ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
ဘယ်လိုလူတွေမှာ အဖြစ်များလည်းဆိုရင် ဝတဲ့လူတွေ၊ ကိုယ်ဝန်သည်တွေ၊ နောက်ပြီး အဆီများတာ စားတဲ့လူတွေ၊ ကော်ဖီ၊ ချောကလက်နဲ့ အရက်သောက်တဲ့လူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်ရင်လည်း ဖြစ်တတ်ပါတယ်။

>>  ဘယ်လိုကုသရမလဲ?
အရင်ဆုံးကတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲရပါမယ်။
1.  ဝိတ်ချရမယ်
ဝနေရင် ကိုယ်အလေးချိန်တာက တော်တော်ကို သက်သာစေတာ တွေ့ရပါတယ်။

2.  အိပ်ခါနီး အစားစားတာ ရှောင်ပါ
မအိပ်ခင် ၂ နာရီ၊ ၃ နာရီ အလိုလောက်တည်းက အစားမစားပါနဲ့။ (အထူးသဖြင့် ညအိပ်ရင်၊ မနက်စောစောတွေမှာ လက္ခဏာပြလေ့ရှိရင်)

Kremil-S 2

3.  ခေါင်းရင်းပိုင်းကို မြင့်မြင့်ထားပြီး အိပ်ပါ
ခေါင်းအုံးမြင့်မြင့် ဒါမှမဟုတ် ခေါင်းအုံး ၂ လုံးဆင့်ပြီး အိပ်တာက ညဘက်မှာ လက္ခဏာပြတာကို သက်သာစေပါတယ်။

4.  အစာကို နည်းနည်းနဲ့ ခဏခဏစားပါ
ကော်ဖီ၊ အရက်၊ အဆီများတဲ့ အစားတွေ၊ ပူတာ စပ်တာတွေ၊ Gas ပါတဲ့ အချိုရည်တွေ၊ ချဉ်တဲ့အသီးဖျော်ရည်တွေ၊ ချောကလက်၊ ပူရှိန်းတွေ၊ ဆီကြော်မုန့်တွေ၊ အချိုတွေကို ရှောင်ပါ။

ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေဖို့အတွက် ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်ယူလို့ရတဲ့ Antacids လို့ခေါ်တဲ့ အစာအိမ်ဆေးတွေ မှီဝဲလို့ရပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

>>  နောက်ဆက်တွဲပြဿနာတွေ
အချိန်အကြာကြီး အက်ဆစ်ပြန်တက်တာဖြစ်ရင် အစာရေပြွန်ကို ထိခိုက်စေပါတယ်။ အစာရေပြွန်မှာ အနာဖြစ်တတ်ပြီး အရမ်းနာတတ်ပါတယ်။ အမာရွတ်ဖြစ်ပြီး အစာရေပြွန် ကျဉ်းတာမျိုးကနေ အစာမျိုမရ ဖြစ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
မကုဘဲထားတာ ကြာသွားရင် အစာရေပြွန်ကဆဲလ်တွေ ပြောင်းလဲသွားပြီး ကင်ဆာဖြစ်သွားနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)