မူးနေတုန်း ... ဓားထိုးခံရပြီး ဓားသွားက မျက်နှာထဲမှာ မြုပ်ဝင်နေခဲ့
လူမှန်းမသိအောင် မူးနေတဲ့အချိန်မှာ ကိုယ့်ကို အန္တရာယ် ပေးတာတောင် လူက သတိမထားမိတော့ဘူး။ မျက်နှာထဲကို ဓားသွား မြုပ်နေတာတောင် မသိလိုက်တာကတော့ ဆိုးဝါးလွန်းပါတယ်။
သိပ်မူးနေတဲ့အချိန်မှာ မျက်နှာထဲကို ဓားသွားစိုက်မိသွားတဲ့ တောင်အာဖရိကသားတစ်ယောက်ရဲ့ ဓာတ်မှန်တွေကို အင်္ဂလန်ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
လေးလက်မ ရှည်တဲ့အသွားက မျက်နှာထဲမှာ မြုပ်နေခဲ့ပြီး မျက်လုံးအောက်မှာ ကန့်လန့်ဖြတ် တည်ရှိနေပါတယ်။ ထိုးမိချိန်မှာ လက်ကိုင်က အပြင်မှာ ကျန်နေခဲ့တာပါ။
မျက်လုံး လှုပ်လိုက်တိုင်း နာနေပြီး ပြင်ပဒဏ်ရာကြီးကြီး မမြင်ရတဲ့ လူနာခမျာ ဘာဖြစ်လို့ဖြစ်မှန်းတောင် မသိလိုက်ပါဘူးတဲ့။
ဆေးရုံရောက်ပြီးတဲ့အထိ မျက်လုံးနဲ့တစ်ဝိုက် ဒဏ်ရာတွေကိုသာ ကုသရင်း မသင်္ကာလို့ ဓာတ်မှန်တွေ အဆင့်ဆင့် ရိုက်ပြီးတဲ့အခါ တရားခံကို တွေ့ပါပြီ။ မျက်နှာရဲ့ အဓိကသွေးကြောတွေ ထိခိုက်နေလား သိရအောင် သွေးကြောဓာတ်မှန် ထပ်ရိုက်တာ နှစ်ရက် ကြာသွားပါသေးတယ်။
တည်နေရာကို သိရှိပြီး နောက် ခွဲစိတ်ဆရာဝန်တွေဟာ ရှုပ်ထွေးရှည်လျားတဲ့ မျက်နှာနဲ့ ဦးနှောက် ခွဲစိတ်မှုအတွင်းမှာ မျက်လုံးအောက်က ကန့်လန့်ဖြတ်ဓားသွားကို အောင်မြင်စွာ ဖယ်ရှားနိုင်လိုက်ပါတယ်။
ကံကောင်းစွာပဲ အဓိကကျတဲ့ ဘာသွေးကြောမှ ထိခိုက်မှု မရှိပါဘူးတဲ့။ ဓားသွားဟာ အသားအောက်ကို မြုပ်ပြီး မျက်နှာအရိုးတွေကြား အလိုက်သင့် ဖြတ်သန်းကာ မျက်လုံးအောက်မှာ ငြိမ်ငြိမ်လေး တည်ရှိနေခဲ့တာပါ။ အဖော်တွေက ဒီလူကို ဆေးရုံပို့ချိန်မှာ ဓားရှိမှန်းတောင် မသိခဲ့ကြပါဘူး။ မျက်လုံးနဲ့ ပြင်ပဒဏ်ရာတွေကိုသာ ကုသဖို့ ပို့ပေးခဲ့တာဖြစ်ပြီး အသေးစိတ်ကို မသိရပါဘူး။
သိပ်မူးနေမယ်ဆိုရင် ဘာမဆို ဖြစ်နိုင်တယ်နော်။ အာရုံခံအားတွေ မကောင်းတော့ ဘာဖြစ်လို့ဖြစ်လိုက်မှန်း ပြန်တောင် မရှင်းပြနိုင်တဲ့အခြေအနေပါ။ ဓားကတော့ ထွက်ချိန်တန်တော့ ထွက်သွားခဲ့ပြီ။ ဆရာဝန်တွေရဲ့ ကျွမ်းကျင်မှုရယ်၊ ဓားသွားဝင်သွားတဲ့ပုံစံလေးက လှလွန်းတာရယ်ကြောင့် သူ့ရဲ့ မျက်လုံး၊ ဦးနှောက်နဲ့ တခြား အဓိကသွေးကြောမတွေကို ထိုးဖောက်မသွားတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေရတဲ့အဖြစ်ပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















