မျက်ကြည်လွှာ လှူဒါန်းခြင်းနဲ့ ပတ်သတ်သမျှ အထွေထွေ ဗဟုသုတ
မျက်ကြည်လွှာ လှူချင်သူတွေအတွက် ဗဟုသုတစုဘူးလေး မျှဝေလိုက်တယ်နော်။ အမြင်အာရုံ လိုအပ်နေတဲ့ တစ်ယောက်ကို ကိုယ်ကွယ်လွန်သွားချိန်မှာ တစ်ခုခု ပေးအပ်နိုင်ခဲ့ပြီး ဆက်လက်ရှင်သန်နေစေတာဟာ သိပ်ကို မွန်မြတ်တဲ့ဒါန ဖြစ်ပါတယ်။
● မျက်ကြည်လွှာကို ကလေးသူငယ် ကနေစလို့ ကျားမ မရွေး၊ အသက်အရွယ်မရွေး လူတိုင်း လှူလို့ရပါတယ်။
● အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ၊ ကာလသားရောဂါ ကူးစက်ရောဂါ ခံစားနေရသူတွေတော့ လှူလို့မရပါဘူး။
● ကင်ဆာဖြစ်နေသူတွေ သွေးတိုး၊ ဆီးချိုဝေဒနာသည်တွေ လှူလို့ရပါတယ်။ မျက်မှန် တပ်ဆင်ထားသူတွေလည်း လှူနိုင်ပါတယ်။
● မျက်စိကွယ်နေသူတွေလည်း တခြားအကြောင်းကြောင့် ကွယ်တာဖြစ်ပြီး မျက်ကြည်လွှာ အကောင်းအတိုင်းဆိုရင် လှူလို့ရပါတယ်။
● လှူတဲ့အခါ ပိုက်ဆံမသွင်းရပါဘူး။ အကုန်အကျ လုံး၀မရှိပါဘူး။
● မျက်ကြည်လွှာ လှူတာက အသုဘကိစ္စ နှောင့်နှေးနိုင်သလား။ တကယ်တော့ မျက်ကြည်လွှာဆိုတာ မျက်လုံးအပေါ်က အမှေးပါးလေးသာ ဖြစ်ပါတယ်။ မျက်လုံးပုံပျက်မှာ ကြောက်စရာ မလိုပါဘူး။ မျက်ကြည်လွှာ ထုတ်ယူတာက မိနစ်၂၀ လောက်ပဲ ကြာတာပါ။ ဘာကြောင့်မှ မနှောင့်နှေးနိုင်ပါဘူး။
● မျက်ကြည်လွှာ ရရှိမယ့်သူကို သူ့ကို လှူခဲ့တဲ့ သေသူရဲ့ အကျိုးအကြောင်းကို ဘာဆို ဘာမှပေးမသိပါဘူး။ လုံးဝတင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
● မျက်ကြည်လွှာ လှူဒါန်းတာဟာ ဘာသာရေးနဲ့ ညီညွတ်ပါ့မလား။ ဘာသာရေးနဲ့ ပတ်သတ်လို့ ကန့်သတ်တားမြစ်ချက်တွေကိုတော့ မဝေဖန်လိုပေမယ့် ကိုယ်ဆုံးပါးသွားတာတောင် ကိုယ့်အမြင်အာရုံလေးက တခြားလူတစ်ယောက်ဆီမှာ ဆက်လက်တည်တံ့နေစေတာဟာ အနှိုင်းမဲ့မြတ်ဒါနဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















