/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မျက်နှာလေး-ရဲနေရတဲ့-အကြောင်းအရင်းတွေ

မျက်နှာလေး ရဲနေရတဲ့ အကြောင်းအရင်းတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လူတွေ့တာနဲ့ အရင်ဆုံး ကြည့်မိတာက မျက်နှာပါ။ တန်ဖိုးထားရတဲ့ ကိုယ့်မျက်နှာလေး ရဲတွတ်နေတာ ဘာကြောင့်များပါလဲ။

●        အဆီပြန်ပြီး အရေပြားတွေ ရောင်လာတဲ့အခါ မျက်နှာလေးပါ ရဲတက်လာပါတယ်။

●        အဆီဂလင်းတွေ ပိတ်လို့ဖြစ်တဲ့အခါ အရေပြားတွေ ဖောင်းကြွရဲတွတ်လာတဲ့အတွက် အကွက်ရဲရဲတွေ ဖြစ်လာပါတယ်။ အရေပြားဆရာဝန်နဲ့ပြသပြီး သေသေချာချာကုဖို့ လိုပါတယ်။

●        နှင်းဆီကွက်လို့ခေါ်တဲ့ ရိုစီရာရောဂါဟာ ဘာအကြောင်းမှမရှိဘဲ မျက်နှာအရေပြားတွေ အလိုလိုနေရင်း ရဲနေတာ ဖြစ်ပါတယ်။ ပါးနှစ်ဖက်မှာ နှာခေါင်းဘေးမှာ ရဲတက်နေပါတယ်။ ကုသဖို့နည်းလမ်း မရှိသေးပေမယ့် အတွေ့အကြုံရှိ အရေပြားဆရာဝန်က အကြံဉာဏ်တွေ ပေးနိုင်မှာပါ။

●        အရေပြား ဓာတ်မတည့်တာတွေကလည်း မျက်နှာကို နီပူနာရောင် ဖြစ်စေပြန်ပါတယ်။ ဥပမာ - မိတ်ကပ်၊ စကင်းကဲ၊ ပေါင်ဒါ စတာတွေနဲ့ မတည့်တာမျိုးပေါ့။ စတီးရွိုက်ခရင်မ် အပျော့စားတွေလိမ်းပြီး ကုသရပါတယ်။ လိုအပ်ရင် သောက်ဆေးပါ ကူရပါတယ်။ ဓာတ်မတည့်တာ သက်သာသွားတာနဲ့အမျှ ပျောက်ကင်းသွားတတ်တဲ့ရောဂါပါ။

●        ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ဓာတ်မတည့်နာကတော့ မျက်နှာအပြင် ကိုယ်လုံး၊ တင်ပါးစတာတွေပါ ဖြစ်ပါတယ်။ နှာစေးတာ အသက်ရှူခက်တာတွေ၊ ပန်းနာရင်ကြပ်တွေပါ တွဲတတ်တဲ့ရောဂါစု ဖြစ်ပါတယ်။ ဓာတ်မတည့်တာအတွက် စတီးရွိုက်ဆေး အပျော့စားတွေရယ် သောက်ဆေး၊ လိမ်းဆေးနဲ့ ကုသပျောက်ကင်းပါတယ်။

●        လူပက်စ်အကွက်လို့ခေါ်တဲ့ အရေပြားလေးဖက်နာ ကိုယ်ခံအားလွန်ရောဂါကြောင့်ဖြစ်ရင် ပါးတွေကို နေထိတိုင်း လိပ်ပြာတောင်ပံပုံစံ ရဲတွတ်တက်လာပါတယ်။ ဘာလိမ်းလိမ်း မသက်သာပါ။ အဓိက နေမထိအောင် ကာကွယ်ထားပြီး အရေပြားလေးဖက်နာကို သေချာကုသဖိ့ု ဖြစ်ပါတယ်။

●        နေလောင်ကွက်တွေက အရေပြားနုလေ ပိုဆိုးလေပါ။ အစင်းကြောင်းတွေကနေ အနီစက်တွေ အကွက်တွေ ထလာပါတယ်။ နေလောင်အရေပြားကို ရေအေးအေးနဲ့ ဂွမ်းနဲ့ဆွတ်ပြီး မကြာခဏအုပ်ပေးပြီး အေးမြတဲ့နေရာလေးမှာ နားရပါမယ်။ ရေများများသောက်ပြီး ဗီတာမင်စီ ဖြည့်တင်းဖို့လည်း လိုပါတယ်။ စတီးရွိုက်ခရင်မ် အပျော့စားလေးတွေ ပြန်လိမ်းပေးပြီး နေပူရှောင်လိုက်ရင် အဆင်ပြေပါပြီ။

●        အရေပြားပေါ်မှာ အဖတ်အဖတ်တွေ ကွာကျပြီး ခြောက်သွေ့လို့ဖြစ်တဲ့ ကိုယ်ခံအားလွန်ရောဂါတစ်မျိုးဖြစ်တဲ့ Psoriasis ရောဂါကတော့မျက်နှာ အရေပြားတွေခြောက်ငွေ့ အကွက်ထ ကွာကျလာပါလိမ့်မယ်။ အရေခွံတွေလည်း လန်ပါတယ်။ အစိုဓာတ်ထိန်း လိမ်းဆေးတွေအပြင် အထူးဆေးဝါးတွေပါပေးပြီး ကုသရပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာပါ ဖြစ်တတ်ပြီး ရေရှည်ကုသဖို့လိုတဲ့ရောဂါ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)