မျက်လုံးတွေ ဘာလို့ ဖောင်းအစ်နေတာလဲ
မျက်စိနားတစ်ဝိုက်ရှိ တစ်သျှူးလွှာများတွင် အရည်များ စုပုံခြင်းကြောင့် မျက်စိနှင့် မျက်ခွံဖောင်းခြင်း ဖြစ်စေပါသည်။ မျက်ခွံဖောင်းခြင်းဟာ တစ်ခဏအတွင်းမှာ အလိုလို ပျောက်သွားတာမို့ ရက်ရှည် ဖြစ်ပေါ်နေပါက မျက်စိပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
၂၄ နာရီ မှ ၄၈ နာရီအထိ ဖြစ်ပေါ်နေပါက မျက်စိကို ထိခိုက်ပျက်စီးစေသည်အထိ အန္တရာယ်ဖြစ်နိုင်တာမို့ ဆရာဝန်နှင့် ပြသသင့်ပါသည်။
>> မျက်စိဖောင်းခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ -
(၁) ဓာတ်မတည့်မှုများ
အဖြစ်များသော အကြောင်းရင်းတစ်ခုဖြစ်ပြီး လွယ်ကူစွာ ကုသနိုင်ပါတယ်။ ဓာတ်မတည့်ခြင်း ဖြစ်စေသော အရာများကို ရှောင်ရှားပါ။
(၂) မျက်စိနာခြင်း
ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ဖုန်မှုန့်များဝင်ခြင်းကြောင့် မျက်စိ နာစေပါသည်။
(၃) မျက်စိစွံခြင်း
မျက်တောင်မွေးညှင်းပေါက်များ သို့မဟုတ် မျက်ရည်ဂလင်းတွင် ပိုးဝင်ရာကနေ မျက်ခွံအောက်နားတွင် အနီရောင်အဖုငယ် ဖြစ်ပေါ်ခြင်းဖြစ်သည်။
(၄) မျက်စိအဆီဂလင်း ပိတ်ခြင်း
မျက်စိအဆီဂလင်း ပိတ်ဆို့ခြင်းကြောင့် မျက်အိတ်ဖောင်းစေပါသည်။
(၅) မျက်စိပိုးဝင်ခြင်း
ထိပ်ကပ်နာဖြစ်ခြင်းကြောင့် မျက်စိတွင်းသို့ ပိုးများပျံ့နှံ့စေပြီး မျက်စိ နာကျင်ရောင်ရမ်းခြင်း ဖြစ်စေပါသည်။
(၆) ဒဏ်ရာဖြစ်ခြင်း
မျက်စိတစ်ဝိုက်ကို ပြင်းထန်စွာ ထိခိုက်မိသောကြောင့် မျက်အိတ်ဖောင်းခြင်းနှင့် မျက်စိတစ်ဝိုက် ညိုမည်းခြင်း ဖြစ်စေပါသည်။
(၇) Grave ရောဂါ
သိုင်းရွိုက်ရောဂါကြောင့် မျက်စိရောင်ရမ်းခြင်း ဖြစ်စေပါသည်။
(၈) မျက်စိကင်ဆာ
မျက်စိဝါးခြင်း၊ အမြင်အာရုံကွယ်ခြင်းအပြင် မျက်စိဖောင်းကားခြင်း ဖြစ်စေပါသည်။
>> ကုသနည်းများ
● ရေဆေးခြင်း၊ ရေအေးဖြင့် မျက်စဉ်းခတ်ခြင်း ပြုလုပ်ပါ။ သန့်စင်သောရေကို အသုံးပြုပါ။
● ရေခဲအိတ် ကပ်ပါ။
● antihistamine ပါသော မျက်စဉ်းဆေး ခတ်ပါ။
● မျက်ကပ်မှန်များကို ချွတ်ပစ်ပါ။
>> အောက်ပါအခြေအနေမျိုးတွင် မျက်စိဆရာဝန်နှင့်ပြသဖို့ လိုပါသည်။
● မျက်စိဖောင်းခြင်းဟာ ၂၄ နာရီမှ ၄၈ နာရီအတွင်း ဆက်ရှိနေလျှင်
● နာကျင်ခြင်းရှိလျှင်
● မျက်စိဝါးလာလျှင်
● မျက်စိမမြင်တော့လျှင်
● မျက်စိတွင်း တိမ်များ ဖြစ်ပေါ်လာလျှင်
● မျက်စိတွင်း တစ်ခုခု မြုပ်နေသည်ဟု ခံစားရလျှင်
ဆီးချိူရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ မျက်စိအာရုံကြော အားနည်းသူများ၊ ပြန်ရည်ကြောရောဂါ ရှိသူများသည် မျက်စိစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရေတိမ်ရောဂါကို စစ်ဆေးသင့်ပါသည်။ မျက်စိပြဿနာများကို စောစီးစွာကုသခြင်းဖြင့် အမြင်အာရုံချို့တဲ့ခြင်းကို ကာကွယ်သင့်ပါသည်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)















