/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မှတ်ဉာဏ်ကောင်းမွန်စေဖို့

မှတ်ဉာဏ်ကောင်းမွန်စေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        မှတ်ဉာဏ်ကောင်းမွန်စေရန်အတွက် နည်းလမ်းကောင်းနှစ်သွယ်ကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ နည်းလမ်းတစ်ခုမှာ ချေွးထွက်သည်အထိ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ပြီး ကျန်နည်းလမ်းမှာ တရေးတမောအိပ်စက်နားနေခြင်းပင်ဖြစ်သည်။

        အကြောင်းအရာတစ်ခုကို သင်ယူမှတ်သားပြီးနောက် လေးနာရီခန့်ကြာချိန်တွင် ကိုယ်လက် လှုပ်ရှားမှုပြုခြင်းသည် သင်ယူထားသည့် အကြောင်းအရာကို ပိုမိုမှတ်မိစေကြောင်း မျက်မှောက်ခေတ် ဇီဝဗေဒစာစောင် (Journal Current Biology) တွင် ဖော်ပြထားသည်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မှတ်ဉာဏ်ကို ရေရှည်တိုးတက်ကောင်းမွန်စေနိုင်ကြောင်းသိရှိပြီးဖြစ်သော်လည်း လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ လက်ငင်းအကျိုးတရားကို ယခုအခါမှတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လေ့လာချက်တွင် အမျိုးသား၊ အမျိုးသမီး 72 ဦးကို ဓာတ်ပုံ (90) ပုံအား ကြည့်ရှုစေပြီးနောက် လေ့ကျင့်ခန်းမလုပ်သူ၊ ကြည့်ပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်သူနှင့် ကြည့်ပြီး လေးနာရီကြာမှ လေ့ကျင့်ခန်းလုပ်သူဟူ၍ အုပ်စု (3) စုခွဲကာ လေ့လာခဲ့ပြီး ကြည့်ပြီး လေးနာရီကြာ မှ လေ့ကျင့်ခန်းလုပ်သူအုပ်စုသည် ပျမ်းမျှ (10) ရာခိုင်နှုန်း ပိုမိုမှတ်မိကြောင်း တွေ့ရှိရသည်။

         ယခုတွေ့ရှိချက်ကြောင့် ကျောင်းဆင်းချိန်အားကစားပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်းသည် အတန်းတွင်း သင်ကြားခဲ့ရသည်များကို မှတ်မိစေနိုင်သည်ဟူသောအဆိုကို ထောက်ခံလျက်ရှိသည်။ သင်ကြားပြီးပြီးချင်း လေ့ကျင့်ခန်းလုပ်ခြင်းမှာ မှတ်ဉာဏ်ကောင်းမွန်မှုအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း တွေ့ရှိရပြီး သင်ယူပြီးနောက် ယာယီမှတ်ဉာဏ်မှ ကြာရှည်ခံမှတ်ဉာဏ်အဖြစ် ကူးပြောင်းချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းက ပိုမိုအကျိုးသက်ရောက်ကြောင်း ကောက်ချက် ချနိုင်ခဲ့သည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ဦးနှောက်အတွင်း မှတ်ဉာဏ်ကောင်းမွန်စေသော Dopamine နှင့် Noradrenaline ဓာတ်များ ပိုမိုထွက်ပေါ်လာစေသည်။

         အခြားလေ့လာချက်တစ်ခုတွင်မူ အမျိုးသား၊ အမျိုးသမီး 81 ဦးတို့အား နံနက်ပိုင်းတွင် စာသားပဟေဠိများဖြေရှင်းမှတ်သားစေပြီးနောက် ၄င်းတို့အနက် (60) ဦးအား မိနစ် (90) ကြာ တရေးတမောအိပ်စေကာ ကျန်သူများအား ဗွီဒီယိုကြည့်စေခဲ့သည်။ ထို့နောက် နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် မေးပြီးသောမေးခွန်းများသာမက မေးခွန်းအသစ်များကို လည်း မေးမြန်းကြည့်ရာ တရေးတမောအိပ်သူများက စကားလုံးများကို ပိုမိုမှတ်မိလွယ်သည်သာမက မေးခွန်းသစ်များတွင်ပါ ၄င်းစကားလုံးများကို လိုက်လျောညီထွေသုံးစွဲ ဖြေကြားနိုင်ကြောင်း တွေ့ရှိရသည်။

         အကြောင်းအရာ တစ်ခုခုကိုသင်ကြားပြီး မကြာမီတွင်အိပ်စက်နားနေခြင်းသည် ထိုအကြောင်းအရာကို ပိုမိုမှတ်မိစေပြီး အိပ်စက်ခြင်းက အတွေ့အကြုံသစ်များကို ယခင်မှတ်ဉာဏ်ဟောင်းများနှင့် အချိုးညီစွာ ပေါင်းစပ်ပေး သွားကြောင်း လေ့လာမှုတွင်ပါဝင်ခဲ့သူ စိတ်ပညာပါမောက္ခ Sara Mednick ကဆိုသည်။ မှတ်ဉာဏ်ပေါင်းကူးခြင်းကို မူလက ပင်မအာရုံကြောစနစ် (Central Nervous System) မှသာ လုပ်ဆောင်လေ့ရှိသည်ဟုယူဆခဲ့သော်လည်း အိပ်စက်ခြင်းကြောင့် မှတ်ဉာဏ်ကောင်းမွန်လာခြင်းတွင်မူ အလိုအလျောက်လှုံ့ဆော်တုံ့ပြန်အာရုံကြောစနစ် (Autonomic Nervous System) ကြောင့်ဖြစ်ကြောင်းတွေ့ရသည်။

 

Dr. Thanda Lin

www.drmyanmar.com