ရင်သားကင်ဆာရောဂါသည်များကို စိတ်ဓာတ်မကျအောင်ကူညီပါ
စိတ်ဓာတ်ကျတဲ့ ရင်သားကင်ဆာရောဂါသည်တွေအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်သူ ရင်သားကင်ဆာရောဂါသည်တွေထက် သေဆုံးနိုင်ခြေ 45 ရာခိုင်နှုန်းပိုကြောင်း လေ့လာမှုအရသိရှိရပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံမရှိခြင်း၊ စိတ်ဖိစီးမှုအမြဲလိုလိုလွှမ်းမိုးနေခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်အတွက် စိုးရိမ်သောကရောက်ရခြင်း၊ နံဘေးမှာပြုစုစောင့်ရှောက်ပေးမယ့်သူမရှိခြင်း စတာတွေဟာ ရင်သားကင်ဆာဖြစ်နေသူတစ်ယောက်ကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါ့အပြင် အိုမင်းချိန်မှ ရောဂါဖြစ်နေကြောင်းသိရတာ၊ ကင်ဆာရောဂါက အဆင့်မြင့်နေပြီလိို့သိလိုက်ရချိန်မှာ၊ ကင်ဆာရောဂါဖြစ်လာပြီ ဆိုရင် အသက်ရှင်သန်နိုင်ခြေနည်းတယ်ဆိုတဲ့ ပြောစကားတွေကြားသိရတဲ့အခါ အဆုံးစွန်အထိစိတ်ဓာတ်ကျသွားတတ်ပါတယ်။
ရင်သားကင်ဆာဖြစ်နေသော်လည်း လွယ်လင့်တကူစိတ်ဓာတ်ကျမသွားဘဲ စိတ်ဓာတ်ကြ့ံခိုင်နေခြင်းက ရောဂါကုသမှုအပိုင်းမှာ ရလဒ်ကောင်းရရှိစေပါတယ်။ ဒါကြောင့် ရင်သားကင်ဆာဖြစ်နေသူလူနာများအား စိတ်ဓာတ်မကျအောင် ဖေးမကူညီပေးခြင်း၊ ရောဂါအခြေအနေဆိုးရွား သည်ဟု တထစ်ချယူဆထားကာ စိတ်အားလျှော့ထားတဲ့ ရင်သားကင်ဆာရောဂါသည်ကို စိတ်ဓာတ်ခွန်အားပြန်တက်အောင် အားပေးစကားပြောပေးခြင်း၊ ရောဂါခံစားနေရချိန်မှာ လူနာအတွက်စိတ်ပူပန်မှုဖြစ်စေမယ့် ကိစ္စအကြောင်းအရာမှန်သမျှ မသိရှိစေခြင်းတို့ဖြင့် လူနာရဲ့စိတ်ဓာတ်ကျမသွားအောင် လုပ်ဆောင်ပေးခြင်းက ဆေးကုသမှုရလဒ်ကောင်းရစေဖို့အတွက် အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်လို့ သုတေသီတို့ကပြောကြားထားပါတယ်။
ဒီတွေ့ရှိချက်ဟာ ရင်သားကင်ဆာဖြစ်နေသူတွေကို လေ့လာရာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သော်လည်း အခြားမည်သည့်ကင်ဆာရောဂါတွင်မဆို ဆက်စပ်မှုရှိနိုင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာေ၀ဒနာရှင်တွေကို စိတ်ပိုင်းဆိုင်ရာ ခွန်အားများပေးရန် လူနာရှင်များအနေနဲ့ အထူးအလေးထားဆောင်ရွက်သင့်ပါတယ်။
Cho Thet
















