/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီတုပ်ကွေးအတွက်-အကောင်းဆုံးကာကွယ်နည်း

ရာသီတုပ်ကွေးအတွက် အကောင်းဆုံးကာကွယ်နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ရာသီတုပ်ကွေးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါအခံရှိသူတွေမှာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဟာ ရာသီတုပ်ကွေးကို ၁၀၀ % ကာကွယ်မှုမပေးနိုင်ပေမယ့် တုပ်ကွေးနဲ့ တုပ်ကွေးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့အတွက်တော့ အကောင်းဆုံးနည်းလမ်းပါ။ Center of Disease Control and Prevention (CDC) အနေနဲ့ အသက်ခြောက်လနဲ့အထက်ရှိပြီးသူတိုင်း နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးကြဖို့ ညွှန်ကြားထားပါတယ်။

>> ကာကွယ်ဆေးထိုးပြီး ကိုယ်ခံအားရဖို့ ဘယ်လောက်ကြာသလဲ?
နှစ်ပတ်လောက် ကြာတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးမယ်ဆိုရင် တုပ်ကွေးရာသီမတိုင်ခင်မှာ ထိုးထားသင့်ပါတယ်။

Decolgen IA 1

>>  ဘာကြောင့် နှစ်တိုင်းထိုးဖို့ လိုအပ်တာလဲ?
တုပ်ကွေးဖြစ်စေတဲ့ Influenza ဗိုင်းရပ်စ်ဟာ တစ်နှစ်နဲ့တစ်နှစ်မတူဘဲ ဗီဇပြောင်းမြန်တာကြောင့် မနှစ်ကထိုးထားတဲ့ ကာကွယ်ဆေးဟာ ဒီနှစ်ဗိုင်းရပ်စ်ကို ကာကွယ်ပေးချင်မှ ပေးနိုင်မှာပါ။ ဗီဇပြောင်းဗိုင်းရပ်စ်ကို ကာကွယ်ဖို့ နှစ်စဉ် ကာကွယ်ဆေးအသစ်တွေ ထုတ်ရပါတယ်။ ဒါကြောင့် နှစ်တိုင်းထိုးဖို့ လိုအပ်တာပါ။
နောက်အကြောင်းရင်းတစ်ခုက ကာကွယ်ဆေးထိုးလို့ ထွက်လာတဲ့ ပဋိဇီဝပစ္စည်း (Antibodies) ဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း နည်းလာပါတယ်။ မနှစ်က ထွက်ထားတဲ့ ပဋိဇီဝပစ္စည်းဟာ ဒီနှစ်ထဲမှာ ရှိချင်မှရှိတော့မှာပါ။ ဒါကြောင့် ကာကွယ်ဆေးကို နှစ်တိုင်း ပြန်ထိုးနေရတာပါ။

>>  ဘယ်လိုလူတွေက တုပ်ကွေးကာကွယ်ဆေး ထိုးသင့်သလဲ?
အသက်ခြောက်လနဲ့အထက်ရှိပြီးသူတိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးသင့်တယ်လို့ CDC က ညွှန်ကြားထားပါတယ်။ အထူးသဖြင့် ရောဂါပြင်းထန်နိုင်ချေရှိသူတွေ ပိုပြီးထိုးသင့်ပါတယ်။ ရောဂါပြင်းထန်နိုင်သူတွေကတော့ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ခံအားနည်းသူများနဲ့ နာတာရှည်ရောဂါအခံရှိသူများပဲ ဖြစ်ပါတယ်။

>>  တစ်နှစ်ကို ဘယ်နှကြိမ်ထိုးဖို့ လိုအပ်သလဲ?
အသက်ခြောက်လနဲ့ ရှစ်နှစ်ကြား ကလေးတွေအနေနဲ့ ပထမဆုံးအကြိမ် စထိုးမယ်ဆိုရင် လေးပတ်ခြားပြီး နှစ်ကြိမ်ထိုးပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ တစ်နှစ်ကိုတစ်ကြိမ်နှုန်းနဲ့ နှစ်စဉ်နှစ်တိုင်း ထိုးသွားရမှာပါ။

>>  ကာကွယ်ဆေးထိုးပြီးရင် တုပ်ကွေးမဖြစ်တော့ဘူးလား?
ဖြစ်နိုင်ပါသေးတယ်။ ဘယ်ကာကွယ်ဆေးမဆို ရာနှုန်းပြည့်ကာကွယ်မှု မပေးနိုင်ပါဘူး။ ဒါပေမဲ့ ရောဂါပြင်းထန်ခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးများခံစားရခြင်းကို  လျော့နည်းစေပါတယ်။

Decolgen IA 2

>>  ဘယ်လောက်အထိ ကာကွယ်မှုပေးနိုင်သလဲ?
ယေဘုယျအားဖြင့်တော့ အသက် ၆၅ နှစ်အောက်တွေမှာ ပိုပြီး ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ အသက် ၁၈-၆၄ နှစ်ဆိုရင် ၅၀% ကနေ ၆၀% အထိ ကာကွယ်မှုပေးနိုင်ပါတယ်။ ၆၅ နှစ်အထက် အသက်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေမှာတော့ ကာကွယ်ဆေးထိရောက်မှုဟာ နည်းကောင်းနည်းနိုင်ပါတယ်။

>>  ကာကွယ်ဆေးထိုးခြင်းဖြင့် တုပ်ကွေးကူးစက်ခံရနိုင်လား?
မခံရပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးရင်တော့ တုပ်ကွေးလိုမျိုးလက္ခဏာတွေ ပြတတ်ပါတယ်။ ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ -
●  ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ဖျားခြင်း စတာတွေဖြစ်တတ်ပါတယ်။
●  ကာကွယ်ဆေးအာနိသင်ပြဖို့ဆိုရင် နှစ်ပတ်စောင့်ရပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ ရောဂါပိုးကူးစက်ခံရရင် တုပ်ကွေးလက္ခဏာတွေ ခံစားရပါတယ်။
●  ထိုးထားတဲ့ကာကွယ်ဆေးနဲ့ ဗီဇပြောင်းဗိုင်းရပ်စ် ကိုက်ညီမှုမရှိရင်လည်း ကူးစက်မှုကို မကာကွယ်နိုင်လို့ တုပ်ကွေးလက္ခဏာတွေ ခံစားရပါတယ်။
●  အအေးမိရင်လည်း တုပ်ကွေးလိုမျိုးလက္ခဏာတွေ ပြတတ်ပါတယ်။

>>  ကာကွယ်ဆေးမထိုးဘဲ တခြားဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်သလဲ?
တုပ်ကွေးဖြစ်ဖြစ်၊ အအေးမိတာဖြစ်ဖြစ် အကုန်လုံးဟာ ကိုဗစ်-19 လိုပဲ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်တာကြောင့် ကာကွယ်ဖို့နည်းလမ်းတွေဟာလည်း အတူတူပါပဲ။
●  ဆပ်ပြာနဲ့ရေ အသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် လက်ဆေးပါ။ ဆပ်ပြာနဲ့ရေ အလွယ်တကူ မရနိုင်ရင် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။
●  မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို မကိုင်ပါနဲ့။
●  မိမိနေထိုင်တဲ့နေရာမှာ တုပ်ကွေး အဖြစ်များနေရင် လူစုလူဝေးကို ရှောင်ပါ။
●  နေမကောင်းသူတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံတာကို ရှောင်ပါ။
●  ချောင်းဆိုး၊ နှာချေရင် ပါးစပ်နဲ့နှာခေါင်းကို လုံအောင်ပိတ်ပါ။
●  ကောင်တာ၊ မီးခလုတ်၊ တံခါးလက်ကိုင်လိုမျိုး အကိုင်အတွယ်များတဲ့နေရာတွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ ပိုးသတ်ပါ။
●  ကိုယ်ခံအားကောင်းအောင် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရည်များများသောက်ပါ။ ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
တကယ်လို့ တုပ်ကွေးကြောင့်ဖြစ်စေ၊ အအေးမိလို့ဖြစ်စေ နှာစေးဖျားနာလာပြီ ဆိုရင်တော့ အမြန်ဆုံးသက်သာအောင် အအေးမိ ဖျားနာပျောက်ဆေးတွေ ချက်ချင်း သောက်သုံးပေးလို့ ရပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)