ရာသီဥတုအပြောင်းအလဲကြောင့် ခေါင်းကိုက်တာလား
ဘာကြောင့် ခေါင်းကိုက်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး တွေးတောစဉ်းစားစရာတွေ အများကြီးရှိတဲ့အနက် ရာသီဥတုအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်ဆိုတဲ့ ယုံကြည်မှုတွေကလည်း ရှိနေပြန်ပါတယ်။ ရာသီဥတုလေးပြောင်းလာပြီဆိုရင်ဖြင့် ပုံမှန်လူတောင်နေရထိုင်ရ ခက်တတ်သေးတာ ပတ်ဝန်းကျင်ဖိအားတခုလို့ ဆိုရမယ့် အပူအအေးပြောင်းလဲမှုတွေကလည်း ခေါင်းကိုက်လာတတ်စေမယ်ဆိုတာ သေချာသလောက်ပါပဲ။
ခေါင်းကိုက်တတ်သူတွေမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ခေါင်းကိုက်စေတဲ့ ရာသီဥတုအပြောင်းအလဲငါးချက်ရှိပါသတဲ့။
♦ လေထုစိုထိုင်းဆပြောင်းလဲလာခြင်း
♦ အပူအအေးပြောင်းလာခြင်း
♦ မုန်တိုင်းကျခြင်း
♦ အလွန်ခြောက်သွေ့ခြင်း
♦ ဖုန်ထူနေပူခြင်းတို့ဖြစ်ပါတယ်။
Bio Adult 1

ဒီမှာကတော့ ဘယ်လိုအကူးအပြောင်းတွေက လူတွေကို ပိုမိုခေါင်းကိုက်စေလဲဆိုတာ ဖော်ပြထားပါတယ်။
♦ ရာသီဥတုပြောင်းတာကြောင့် ၇၃ ရာခိုင်နှုန်း
♦ အနံ့အသက်မကောင်းတာကြောင့် ၆၄ ရာခိုင်နှုန်း
♦ အလင်းတောက်တောက်စူးစူးတွေကြောင့် ၅၉ ရာခိုင်နှုန်း
♦ ဆေးလိပ်ငွေ့ကြောင့် ၅၃ ရာခိုင်နှုန်း
♦ အလွန်ပူအလွန်အေးတာကြောင့် ၃၈ ရာခိုင်နှုန်း
♦ အမြင့်ပိုင်းနေရာတွေရောက်တာကြောင့် ၃၁ ရာခိုင်နှုန်း
♦ လေပြင်းတွေကြောင့် ၁၈ ရာခိုင်နှုန်းတို့ဖြစ်ပါတယ်။
အပေါ်အချက်တွေမှာကြည့်လိုက်ရင် ရာသီဥတု အကူးအပြောင်းက ခေါင်းကိုက်စေတဲ့ အကြီးဆုံးခေါင်းစဉ်ဖြစ်နေတာကို တွေ့ကြမှာပါ။
နောက်ပြီး ခေါင်းကိုက်တတ်တယ်ဆိုတာက ခန္ဓာကိုယ်ရဲ့ကာကွယ်မှုဖြစ်စဉ်တရပ်ပါတဲ့။ ခေါင်းကိုက်လာတဲ့အခါ ပြင်ပရာသီဥတုအနေအထားမမှန်ကန်နေတာကို သတိပေးနေတာဖြစ်ပြီး အမြန်ဆုံးသက်တောင့်သက်တာ ဖြစ်မယ့်ပတ်ဝန်းကျင်အနေအထားတခုကို ရယူဖို့ ဦးနှောက်က သတိပေးနေတာလို့ပြောရမှာပါ။ အဆိုးထဲကအကောင်းကတော့ ဒီလိုလူတွေဟာ ခေါင်းကိုက်တတ်ပေမယ့် ရာသီဥတုအပြောင်းအလဲဒဏ်ကို သူများထက် ပိုခံနိုင်ရည်ရှိကြပါတယ်တဲ့။
Bio Adult 2

ခေါင်းတခြမ်းကိုက်ဝေဒနာစတော့မယ်ဆိုရင် အရင်ဆုံးရှေးဦးလက္ခဏာလေးတွေပြလေ့ရှိပါတယ်။
♦ စိတ်တိုလာတာ
♦ စိတ်ဓာတ်ကျလာတာမတက်ကြွတော့တာ
♦ မကြာခဏသမ်းဝေလာတာ
♦ စိတ်ဆတ်လာတာတွေ သည်းမခံနိုင်တာတွေစဖြစ်လာပါပြီ။
ဒါကြောင့်စာအုပ်လေးတအုပ်နဲ့ မိမိရဲ့ခေါင်းကိုက်တတ်တဲ့အခြေအနေ ခံစားရပုံဝေဒနာအတိမ်အနက်နဲ့ ခေါင်းမကိုက်ခင် စားထားတဲ့အစားအစာတွေ ရာသီဥတုအခြေအနေလေးတွေကို ရေးမှတ်တဲ့အကျင့်လုပ်ကြည့်ပါ။ ပြန်ဖတ်ရင်း ဒါလေးတွေကြောင့်ဖြစ်တယ်ထင်ရင်ရှောင်လို့ရတယ်လေ။ ဥပမာဆောင်းတွင်းကို မနက်ရေချိုးလို့ခေါင်းကိုက်ရင် နေ့ခင်းသို့မဟုတ် ညနေပြောင်းချိုးလို့ရသွားတာပေါ့။ ကော်ဖီသိပ်သောက်တဲ့နေ့မှာ ကိုက်တတ်ရင် ကော်ဖီရှောင်လိုက်ရုံပေါ့။ ရာသီဥတု အပြောင်းအလဲမှာလည်း တတ်နိုင်သလောက်နွေးနွေးထွေးထွေးနေ မိုးမမိစေတာ လေတိုက်မခံတာတွေကလည်း ခေါင်းကိုက်ကာကွယ်မယ့် အကြောင်းကောင်းတွေဖြစ်ကြောင်း တင်ပြလိုက်ပါတယ်နော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
(Unicode)
















