ရိုးတွင်းခြင်ဆီ ဖောက်စစ်ခြင်း
ရိုးတွင်းခြင်ဆီဆိုတာဟာ အရိုးအတွင်းမှာရှိတဲ့ တစ်သျှူးပွပွဖြစ်ပြီး သွေးကြောတွေနဲ့ -
● သွေးဖြူဥ
● သွေးနီဥ
● သွေးခဲဆဲလ်
● အဆီ
● အရိုးနု
● အရိုးတွေ ဖြစ်ပွားစေတဲ့နေရာပဲ ဖြစ်ပါတယ်။
ရိုးတွင်းခြင်ဆီမှာမှ အနီနဲ့အဝါ နှစ်မျိုးရှိပြီး အသက်ကြီးလာတာနဲ့အမျှ အဆီဆဲလ်တွေ များလာတဲ့အတွက် အနီ နည်းပြီး အဝါ များလာကာ အနီကို တင်ပါးဆုံရိုးတွေ၊ ကျောဆစ်ရိုးတွေလောက်မှာသာ အဓိက တွေ့ရပါတော့တယ်။ ဒီရိုးတွင်းခြင်ဆီ အနီရောင်ကို ထုတ်ယူပြီး သွေးဆဲလ်တွေ ကျန်းမာမှု ရှိ/မရှိ၊ ပုံမှန်မဟုတ်ခဲ့ရင်လည်း ရောဂါပိုးတွေကြောင့်၊ ရိုးတွင်းခြင်ဆီရောဂါတွေကြောင့် သို့မဟုတ် ကင်ဆာရောဂါကြောင့် စသည်ဖြင့် ဖြစ်ရတဲ့အကြောင်းရင်းကိုပါ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။
>> ဘယ်အချိန်မှာ ရိုးတွင်းခြင်ဆီ ဖောက်စစ်ဖို့ လိုနိုင်မလဲ?
သွေးတွင် းသွေးဖြူ ဥ၊ သွေးနီဥ၊ သွေးခဲဆဲလ်လေးတွေ အလွန်နည်းနေ၊ များနေတဲ့အခါ ...
● သွေးအားနည်းခြင်း
● ရိုးတွင်းခြင်ဆီ ရောဂါတွေဖြစ်တဲ့ myelofibrosis ရိုးတွင်းခြင်ဆီမှာ အမျှင်ယှက်ခြင်းနဲ့ myelodysplastic syndrome ရိုးတွင်းခြင်ဆီ ဆဲလ်ပုံမမှန်ခြင်း ရောဂါများ
● သွေးဖြူဥ နည်းနေခြင်း၊ သွေးခဲဆဲလ် နည်းနေခြင်း၊ သွေးနီဥ များနေခြင်း စသည်ဖြင့် သွေးတွင်းဆဲလ် အခြေအနေများ
● ရိုးတွင်းခြင်ဆီ သို့မဟုတ် သွေးကင်ဆာရောဂါများ
● သွေးထဲသံဓာတ်တွေ စုပုံနေတဲ့ မျိုးရိုးဗီဇရောဂါ
● ပိုးဝင်ခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ ဖျားနေခြင်း စတဲ့ ရောဂါတွေ ရှိ၊ မရှိ သိနိုင်ဖို့ စစ်ဆေးသင့်ပါတယ်။
ဒါ့အပြင် ရောဂါ ဘယ်လောက်ထိ ဆိုးတယ်၊ ကင်ဆာအဆင့် ဘယ်လောက်ရှိတယ်၊ ကုသမှုရဲ့ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိတယ် ဆိုတာတွေကို သိရှိနိုင်ဖို့လည်း ရိုးတွင်းချဉ်ဆီ စစ်ဆေးရပါမယ်။
>> ရိုးတွင်းချဉ်ဆီ စစ်ဆေးမှုရဲ့ နောက်ဆက်တွဲများ
ရောဂါစစ်ဆေးမှု မှန်သမျှမှာ အကျိုးနဲ့အပြစ် ရှိသလိုပဲ ရိုးတွင်းချဉ်ဆီ စစ်ဆေးမှုမှာလည်း နောက်ဆက်တွဲတွေ ရှိနိုင်ပေမယ့် အလွန့်အလွန် ရှားပါတယ်။ အဓိကဆိုးကျိုးကတော့ သွေးထွက်လွန်ခြင်းပဲ ဖြစ်ပါတယ်။
အခြားဆိုးကျိုးတွေကတော့ -
● မေ့ဆေး ဓာတ်မတည့်ခြင်း
● ပိုးဝင်ခြင်း
● ဖောက်စစ်ထားတဲ့နေရာက တောက်လျှောက် နာနေခြင်း
ဒါကြောင့် ရိုးတွင်းချဉ်ဆီ မစစ်ဆေးမီ သွေးထွက်နိုင်မယ့် ရောဂါအခြေအနေ တစ်ခုခု၊ ဆေးတစ်မျိုးမျိုး သောက်နေရပါက ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
ရိုးတွင်းချဉ်ဆီ စစ်ဆေးမယ့်အခါ -
အရေးကြီးဆုံးက ရိုးတွင်းချဉ်ဆီ မစစ်ဆေးမီ ...
● သောက်နေတဲ့ဆေးတွေ ရှိ၊ မရှိ
● သွေးမတိတ်ရောဂါတွေ ရှိ၊ မရှိ
● တိတ်ကပ်ခွာ၊ မေ့ဆေးနဲ့ အခြားတစ်ခုခုကို ဓာတ်မတည့်တာ ရှိ၊ မရှိ
● ကိုယ်ဝန် ရှိ၊ မရှိ
● အရမ်းစိုးရိမ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။
ရိုးတွင်းချဉ်ဆီ ဖောက်စစ်တဲ့အခါ အဖော်တစ်ယောက်ယောက် ခေါ်ခဲ့သင့်ပါတယ်။ အထူးသဖြင့် စိတ်ငြိမ်စေဖို့ အိပ်ဆေးလိုဆေးတွေ သောက်ဖို့လိုတဲ့အခါ အိပ်ငိုက်တတ်တဲ့အတွက် ကားမမောင်းသင့်ပါဘူး။
မလုပ်ခင် ဆရာဝန် ညွှန်ကြားချက်တွေကို သေချာလိုက်နာရပါမယ်။ မလုပ်ခင် ညမှာ ကောင်းကောင်းအိပ်ပြီး အချိန်မီရောက်အောင် သွားမှသာ စိတ်ငြိမ်သက်ပြီး ကြောက်စိတ်တွေ မပေါ်လာမှာ ဖြစ်ပါတယ်။
ရိုးတွင်းချဉ်ဆီ ဖောက်တဲ့အခါ ခံစားရတဲ့နာကျင်မှုဟာ ခဏတာမျှသာဖြစ်ပြီး မပြောပလောက်ပါဘူး။ ဒါ့အပြင် ကိုယ်လုပ်မယ့် စစ်ဆေးမှုကို သေချာ ဂဃနဏ သိထားသူတွေဟာ စိတ်လှုပ်ရှားမှု ပိုနည်းပြီး အနာနည်းပါတယ်။
>> ဘယ်လိုလုပ်ရမလဲ?
ဆရာဝန် ဆေးခန်းမှာဖြစ်စေ၊ ဆေးရုံမှာဖြစ်စေ လုပ်နိုင်ပြီး သွေးရောဂါ အထူးကုဆရာဝန်က လုပ်ပေးတတ်ပါတယ်။ ၁၀ မိနစ်လောက်ပဲ ကြာတတ်ပါတယ်။
မယူမီမှာ ဆေးရုံ အဝတ်အစားလဲပြီး သွေးပေါင်၊ နှလုံးခုန်နှုနး်တွေ အရင်စမ်းသပ်ရပါမယ်။ ဘေးစောင်းဖြစ်စေ၊ ပက်လက်ဖြစ်စေ နေနိုင်ပြီး အရေပြားနဲ့ အရိုးကို ထုံသွားအောင် ထုံဆေး ထိုးပါလိမ့်မယ်။ များသောအားဖြင့် တင်ပါးဆုံရိုး အနောက်နားကနေ ယူလေ့ရှိပါတယ်။
ထုံဆေးထိုးတဲ့အခါ ဆစ်ခနဲ တစ်ချက် နာသွားတတ်ပါတယ်။ ပြီးနောက် ဆရာဝန်က အပ်ခေါင်းဝင်နိုင်အောင် ခွဲကြောင်းသေးသေးလေး ခွဲပါလိမ့်မယ်။ အပ်က အရိုးထဲ ဝင်သွားချိန်မှာ အနည်းငယ် ကသိကအောင့်ဖြစ်တာလောက်ပဲ ရှိပါတယ်။
ယူပြီးသွားတဲ့အခါမှာတော့ သွေးတိတ်အောင် ဖိထားပြီး ခွဲရာကို ပတ်တီးစည်းပေးပါလိမ့်မယ်။ ၁၅ မိနစ်လောက်ကြာရင်တော့ ပြန်လို့ရပါပြီ။
>> ခြင်ဆီယူပြီးနောက် ရှောင်ရန်၊ ဆောင်ရန်
တစ်ပတ်လောက် အနည်းငယ် နာနေတတ်ပေမယ့် အများစုမှာတော့ မဖြစ်တတ်ပါဘူး။ အနာသက်သာစေဖို့ ရိုးရိုးအကိုက်အခဲပျောက်ဆေးတွေ သောက်ပေးနိုင်ပါတယ်။ ခွဲကြောင်းရာကို ၂၄ နာရီလောက် ခြောက်ခြောက်သွေ့သွေ့ ထားရပါမယ်။
(၁) ရက်၊ (၂) ရက်လောက် လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။ အကယ်၍ -
● သွေးထွက်များခြင်း
● အရမ်းနာခြင်း
● ရောင်ရမ်းခြင်း
● အရည် တစိုစိုထွက်ခြင်း
● ဖျားနာခြင်းတို့ ရှိပါက ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ရပါမယ်။
အဖြေရဖို့ (၁) ပတ်မှ (၃) ပတ်လောက်ထိ ကြာနိုင်ပါတယ်။ အဖြေရလာခဲ့ရင် ဆရာဝန်နဲ့ ရက်ချိန်းပြန်ပြပြီး အဖြေကို ဆွေးနွေးရပါမယ်။
>> ရလဒ်အဖြေ
ရိုးတွင်းခြင်ဆီကို ရောဂါဗေဒဆရာဝန်က ရှာဖွေစစ်ဆေးပြီး ရိုးတွင်းခြင်ဆီ ပုံမှန် ရှိ/မရှိ၊ မရှိခဲ့ရင် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းတွေကိုပါ ဖော်ထုတ်ပေးပါလိမ့်မယ်။
လင့်ပြန်ကင်ဆာကြိတ်တွေ ဖြစ်ခဲ့ရင်လည်း ကင်ဆာအဆင့်တွေကိုပါ ဖော်ထုတ်နိုင်ပါတယ်။
ရောဂါကို သေချာစေဖို့ ထပ်ပြီးစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုနိုင်ပါတယ်။
မေးခွန်း : ရိုးတွင်းခြင်ဆီ စစ်ဆေးမှု ပြုလုပ်ဖု့ိ စိတ်ပူနေတယ်။ ဘာလုပ်သင့်သလဲ?
အဖြေ : ရိုးတွင်းခြင်ဆီ ဖောက်စစ်ရမယ်ဆိုတိုင်း လူတိုင်းလန်ပြီး စိတ်ပူပန်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း လုပ်တဲ့အခါ ကျွမ်ကျင်ပညာရှင်တွေက လုပ်ပေးပြီး ထုံဆေးနဲ့ ပြုလုပ်တာကြောင့် ထင်ထားသလောက် မနာကျင်တတ်ပါဘူး။ ဒါကြောင့် စိတ်ကို အေးအေးထားပါ။ စိတ်ငြိမ်သက်လေလေ လုပ်ရတာ ပိုလွယ်လေလေပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)
















