/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရုတ်တရက်-ရင်ဘတ်အောင့်ခြင်း

ရုတ်တရက် ရင်ဘတ်အောင့်ခြင်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ရုတ်တရက်ကြီး ဗြုန်းခနဲ ရင်ဘတ်အောင့်တဲ့အခါ လူတိုင်း စိုးရိမ်ထိတ်လန့်သွားကြမှာပါ။ တကယ်တော့ ရင်ဘတ်အောင့်တာဟာ နှလုံးသွေးကြောကျဉ်းတာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ကျန်းမာပြီး ငယ်ရွယ်သူအများစုမှာ အခြာအကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။

 

၁။ အစာအိမ် အက်ဆစ်ပြန်ဆန်တက်ခြင်း

          အစာအိမ်ထဲကအက်ဆစ်တွေ အစာပြွန်ထဲကို ပြန်ဆန်တက်တဲ့အခါ ရင်ပူလာတတ်ပါတယ်။ တစ်ပတ် ၂ ကြိမ်လောက် နည်းနည်းစီ ရင်ပူနေတတ်တယ်၊ တစ်ပတ် ၁ ကြိမ် အနည်းဆုံး အလယ်အလတ်ကနေ ပြင်းထန်အဆင့်အထိ ရင်ပူနေတတ်တယ်ဆိုရင် အစာအိမ် အက်ဆစ်ပြန်ဆန်တက်တဲ့ ရောဂါရှိနေနိုင်ပါပြီ။

          အက်ဆစ်ဓာတ်ဟာ အစာပြွန်လမ်းကြောင်းကို ထိခိုက်စေနိုင်ပြီး ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်းတွေအပြင် အစာမျိုရ ခက်ခဲခြင်း၊ လည်ချောင်းထဲ နင်နေခြင်း၊ အစာတွေ၊ အချဉ်ရည်တွေ ပြန်အန်ထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။

 

၂။ ရင်သားနာကျင်ခြင်း

          တစ်ခါတလေ ရင်သားတွေ နာကျင်တာကို ရင်ဘတ်အောင့်တာနဲ့ မှားယွင်းတတ်ပါတယ်။ ဓမ္မတာမလာခင်မှာ ဟော်မုန်းတွေရဲ့ အစွမ်းကြောင့် ရင်သားတွေ နာကျင်နိုင်သလို လေ့ကျင့်ခန်း အလုပ်များသွားတဲ့အခါလည်း နာကျင်တတ်ပါတယ်။ အကိုက်အခဲပျောက်ဆေး သောက်လိုက်ရင် သက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ ဆိုးဆိုးရွားရွား စူးပြီး နာနေတယ် ဆိုရင်တော့ ထိခိုက်ဒဏ်ရာရနေတာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြသကြည့်ပါ။

 

၃။ ပန်းနာရင်ကြပ်ရောဂါ

          လူအများစုက ပန်းနာရင်ကြပ်ဆိုတာ အသက်ရှူရခက်တဲ့ ရောဂါတစ်ခုလို့ပဲ ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါကလည်း ရင်ဘတ်အောင့်ပြီး လာတတ်ပါတယ်။ ဒါ့အပြင် အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်နေတာ၊ ချောင်းဆိုးနေတာတွေနဲ့လည်း လာတတ်ပါတယ်။

          ဒါကြောင့် ရင်ဘတ်အောင့်ပြီး ချောင်းဆိုး၊ တရွှီရွှီမြည်နေပါက ဆရာဝန်နဲ့ ပြသကြည့်ပါ။ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို စစ်ဆေးကြည့်ပြီး လိုအပ်တဲ့ကုသမှုတွေပေးဖို့ လိုအပ်ပါတယ်။

 

၄။ Panic Attack

          Panic Attack ဆိုတာဟာ ရုတ်တရက် အလွန်အမင်း စိတ်ပူပန်ကြောက်လန့်ပြီး ကိုယ်ခန္ဓာမှာ လက္ခဏာတွေ ပေါ်လာတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရတာချင်း မတူတတ်ပေမယ့် များသောအားဖြင့် မကောင်းတာ ဖြစ်တော့မယ့်အာရုံရတာ၊ အသက်ရှူကြပ်တာ၊ ရင်တုန်တာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

          နှလုံးဖောက်တာလား panic attack လား မသေချာရင် အရေးပေါ်ကိုသာ သွားလိုက်ပါ။ သာမန်လူတစ်ယောက်ဟာ မခွဲခြားနိုင်ပါဘူး။

 

၅။ အဆုတ်ရောင်ရောဂါ

          အဆုတ်ရောင်ရောဂါဟာ အဆုတ်ရဲ့လေအိတ်လေးတွေကို ရောင်ရမ်းစေနိုင်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်ပါတယ်။ ကံမကောင်း အကြောင်းမလှတာကတော့ အဆုတ်ရောင်တဲ့အခါ စူးခနဲ ရင်ဘတ်အောင့်တတ်ပြီး အသက်ပြင်းပြင်း ရှူလိုက်တိုင်း၊ ချောင်းဆိုးလိုက်တိုင်း ပိုဆိုးတတ်ပါတယ်။ အဆုတ်ရောင်ရောဂါဟာ သေချာမကုသရင် ပြင်းထန်ပြီး သေကြေစေတဲ့အထိ ဖြစ်နိုင်ပါတယ်။

 

၆။ အဆုတ်ပြားခြင်း

          အဆုတ်အမြှေးပါးထဲကို လေဝင်တဲ့အခါ ဖြစ်တတ်ပါတယ်။ ရင်ဘတ်ကို ထိခိုက်ဒဏ်ရာရတဲ့အခါ၊ အဆုတ်ရောင်ရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်းပိတ်ရောဂါတွေကြောင့် အဆုတ် ပျက်စီးလာတဲ့အခါမျိုးမှာ ရတတ်ပါတယ်။ သေချာအောင် ရင်ဘတ်ဓာတ်မှန်၊ CT ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ပေးရပါမယ်။ ရောဂါအပြင်းအပျော့ပေါ် မူတည်ပြီး ကုသမှု ကွဲပြားနိုင်ပါတယ်။

 

၇။ နှလုံးသွေးကြောကျဉ်းရောဂါ

          နှလုံးကြွက်သားတွေမှာ လိုအပ်တဲ့ အောက်ဆီဂျင်ပြည့်ဝတဲ့ သွေးတွေ မရရှိတဲ့အခါ ရင်ဘတ်၊ ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ကျောပြင်တွေမှာ တင်းကြပ်နေတဲ့ ခံစားချက်လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

          နှလုံးသွေးကြောကျဉ်းလို့ထင်ရင် ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု ခံယူရပါမယ်။ ECG, echo နှလုံးကွန်ပျူတာဓာတ်မှန်နဲ့ ရင်ဘတ်ဓာတ်မှန်တွေ ရိုက်ကြည့်ရပါမယ်။

 

၈။ အဆုတ် သွေးခဲပိတ်ခြင်း

          ခြေထောက်ကနေ ပြုတ်ထွက်လာတဲ့ သွေးခဲလေး အဆုတ်သွေးကြောတစ်ချောင်းချောင်းမှာ သွားပိတ်တဲ့အခါ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတွေ ဖြစ်တတ်ပါတယ်။ နှလုံးဖောက်သလို အောင့်တတ်ပြီး ချောင်းဆိုးတဲ့အခါ၊ အသက်ပြင်းပြင်း ရှူတဲ့အခါ ပိုဆိုးတတ်ပါတယ်။ လှုပ်ရှားလိုက်တိုင်း ပိုဆိုးတတ်ပေမယ့် နားလိုက်တဲ့အခါလည်း မသက်သာ သွားတတ်ပြန်ပါဘူး။ ခြေထောက်နာခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ မူးဝေခြင်းတွေလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး အမြန်ဆုံး ကုသမှုခံယူခြင်းက အသက်ကယ်နိုင်ပါတယ်။ ဒါကြောင့် အဆုတ် သွေးခဲပိတ်တယ်လို့ထင်ရင် အမြန်ဆုံး အရေးပေါ်ကိုပြေးပါ။ ဆရာဝန်တွေက ရင်ဘတ်ဓာတ်မှန်၊ CT ကွန်ပျူတာဓာတ်မှန်တွေ ရိုက်ပြီး လိုအပ်တဲ့ကုသမှုတွေ ပေးပါလိမ့်မယ်။

 

၉။ နှလုံးသွေးကြောပိတ်ခြင်း

          အရပ်ထဲမှာခေါ်ခေါ်နေတဲ့ နှလုံးဖောက်တယ်ဆိုတာပါ။ ရင်ဘတ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ အဓိက လာတတ်ပါတယ်။ ရင်ဘတ်ထဲ လေးလေးပင်ပင် စူးစူးကြီးနာလာတတ်ပြီး ဘယ်ဘက်လက်နဲ့ လည်ပင်းတစ်လျှောက် ပြန့်သွားတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက်စာရင် အသက်ရှူကြပ်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ နောက်ကျောနဲ့ မေးရိုးနာကျင်ခြင်း စတဲ့ သိပ်မသိသာတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

          အသက်အန္တရာယ်ရှိတဲ့အတွက် နှလုံးဖောက်တယ်လို့ထင်ရင် အမြန်ဆုံး အရေးပေါ်ကို ပြေးသင့်ပါတယ်။

          အကယ်၍ နဂိုကျန်းမာနေသူတွေမှာ ရင်ဘတ်အောင့်ခဲ့ရင် နှလုံးသွေးကြောပိတ်တာလောက် မဆိုးတဲ့ အစာအိမ် အက်ဆစ်ပြန်ဆန်တက်တာလောက်သာ ဖြစ်တတ်ပေမယ့် စမ်းသပ်စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

Dr. Mya Phoo Ngon (www.drmyanmar.com)