ရုတ်တရက် အမြင်အာရုံ ဝေဝါးပြောင်းလဲခြင်း
အသက်အရွယ် ကြီးရင့်လာတဲ့အခါ မျက်လုံးအမြင်အာရုံဟာ ယိုယွင်းလာစမြဲပဲ ဖြစ်ပါတယ်။ သို့သော်လည်း မျက်လုံးတစ်ဖက်တည်းမှာ အမြင်အာရုံ ပြောင်းလဲလာတာ၊ ရုတ်တရက် နှစ်ထပ်မြင်လာတာ၊ အလယ်တည့်တည့်မှာရှိတဲ့ အရာဝတၳုတွေကို မမြင်ရတော့တာမျိုးတွေ ဖြစ်လာမယ်ဆိုရင်တော့ သတိထားသင့်ပါပြီ။
ဒီလို ရုတ်တရက် အမြင်အာရုံ ဝေဝါးပြောင်းလဲလာခြင်းဟာ လေဖြတ်ခြင်းရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နေနိုင်ပါတယ်။ အခြား လေဖြတ်ခြင်း လက္ခဏာရပ်တွေဖြစ်တဲ့ ကိုယ်တစ်ခြမ်း ထုံလာခြင်း၊ အာလေးလျာလေး ဖြစ်လာခြင်း၊ ပြောစရာစကားလုံး ရှာမရတော့ခြင်း စတာတွေနဲ့ပါ တွဲပြီး တွေ့လာရမယ်ဆိုရင်တော့ လုံးဝ မပေါ့ဆသင့်တော့ပါဘူး။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုသာ အမြန်ဆုံး ပြေးသင့်ပါတယ်။
လေဖြန်းတယ်လို့ အရပ်ထဲ အလွယ်တကူ ခေါ်တတ်တဲ့ ဦးနှောက်သွေးကြော ခေတ္တပိတ်ခြင်းမှာလည်း ဒီလို လက္ခဏာ အပျော့စားလေးတွေနဲ့ လာတတ်ပါတယ်။ ဒီလိုလက္ခဏာရပ်တွေ ပြလာခဲ့ရင် နောက်ဆက်တွဲ လေဖြတ်ဝေဒနာ မခံစားရလေအောင် ကြိုတင်ဆေးကုသမှု ခံယူသင့်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)















