ရေယုန်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ
ရေယုန်လို့ပြောလိုက်ရင် ပါးစပ်မှာပေါက်တဲ့ နာတဲ့အဖုတွေ၊ မျိုးပွားအင်္ဂါ ယားယံတာတွေကို သိထားကြမှာပါ။ ဒါတွေက ရေယုန်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီးတော့ ပြောရမယ်ဆိုရင် ရေယုန်က ဒီထက် အများကြီး ရှုပ်ထွေးပါတယ်။
အဖြစ်များတဲ့ HSV-1, HSV-2 ဆိုတဲ့ (၂) မျိုး အပါအဝင် ရေယုန်ဗိုင်းရပ်စ်ပိုးအမျိုးအစား (၈) မျိုး ရှိပါတယ်။
>> ရေယုန်ဗိုင်းရပ်စ်ပိုးနှင့် ရောဂါလက္ခဏာများ
အဓိက ရေယုန်ဗိုင်းရပ်စ်ပိုး နှစ်မျိုးဖြစ်တဲ့ HSV-1 နဲ့ 2 က ကိုယ်ခံအားစနစ်က မတိုက်ခိုက်နိုင်တဲ့ အာရုံကြော အစုအဝေးထဲမှာ နေပါတယ်။ 1 က ပါးစပ်နားမှာနေပြီးတော့ ယားယံခြင်း၊ ထုံကြဉ်ခြင်းနဲ့ အဖုတွေပေါက်ပြီး နာတာတွေ ဖြစ်စေနိုင်ပါတယ်။ 2 ကတော့ လိင်အင်္ဂါအနီးတစ်ဝိုက်မှာ ဒီလိုလက္ခဏာတွေ ဖြစ်စေပါတယ်။ ရေယုန်ရဲ့လက္ခဏာ ပြင်းထန်တာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ တချို့မှာ အရမ်းနာပြီးတော့ မအီမသာဖြစ်စေပြီးတော့ တချို့ကျတော့လည်း သာမန်ပါပဲ၊ တချို့ဆိုရင် ဘာလက္ခဏာမှတောင် မပြဘူး။
>> ဘယ်လိုကူးစက်နိုင်သလဲ?
ရေယုန်က လိင်ဆက်ဆံရာမှတစ်ဆင့်နဲ့ တံတွေးမှတစ်ဆင့်ဆိုပြီး အဓိကနည်းလမ်း နှစ်မျိုးနဲ့ လူတွေကြားမှာ ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ဒါကြောင့်လည်း ရေယုန်က နမ်းရှုံရာ၊ လိင်ဆက်ဆံရာတွေကနေ ကူးတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ အဓိကရောဂါ ဖြစ်နေရတာပါ။
ရေယုန်ပိုးက အရေပြားပါးပါးလေးကနေမှတစ်ဆင့် အာရုံကြောစနစ်ထဲကို ရောက်သွားပြီးတော့ နာကျင်မှုကို ဖြစ်စေပါတယ်။
ရေယုန်ပိုးရှိနေတဲ့လူ အများစုက သူတို့ကိုယ်သူတို့ ပိုးရှိမှန်း မသိကြပါဘူး။ ရေယုန်ပိုး သယ်ဆောင်ထားတဲ့သူ 80% လောက်မှာ လေးပုံတစ်ပုံကပဲ ပိုးရှိမှန်း သိပါတယ်။
>> အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူတွေမှာ ပိုဖြစ်လဲ?
အမျိုးသမီးတွေက ဇီဝဗေဒအရ ပိုအဖြစ်များပါတယ်။ အမျိုးအစား 1 က အတူတူပဲဖြစ်ပေမယ့် 2 ကတော့ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ၂ ဆ ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေယုန်ပိုးက နွေးထွေးစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပြီးတော့ အမျိုသမီးတွေရဲ့ မိန်းမကိုယ်လမ်းကြောင်းက ပိုးကြိုက်တဲ့ ပတ်ဝန်းကျင် ဖြစ်နေလို့ပါ။
>> ရေယုန်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ
နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေတဲ့ ပိုးအမျိုးအစား 6 မျိုး ရှိပါတယ်။ HHV 3 လို့ခေါ်တဲ့ပိုးကြောင့် ရေကျောက် ဖြစ်စေနိုင်ပါတယ်။ နောက်ထပ် HHV-4 ကတော့ တံတွေးကနေတစ်ဆင့် ကူးစက်ပြီးတော့ ကိုယ်ပူခြင်း၊ အစက်အပြောက်များထွက်ခြင်းနဲ့ အကျိတ်များ ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။
>> ကုထုံးများ
ကုရလွယ်ပါတယ်။ ဗိုင်းရပ်စ်သတ်ဆေးတွေ သုံးလို့ပါတယ်။ ဆေးတွေ အန္တရာယ်ကင်းပြီး ဈေးလည်း မကြီးပါဘူး။
ရေတိုကုထုံးရှိသလို ရေရှည်ကုထုံးလည်း ရှိပါတယ်။
ပါးစပ်မှာ အနာရှိနေရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း မပြုပါနဲ့။ လိင်အင်္ဂါတစ်ဝိုက်မှာ ရေယုန်ပေါက်နေရင်တော့ လိင်ဆက်ဆံမှု အမျိုးအစားအားလုံး ရှောင်ပါ။ ကွန်ဒုံးက အထောက်အကူဖြစ်ပေမယ့် ရာနှှုန်းပြည့် မသေချာပါဘူး။ တစ်ဝက်လောက်ပဲ အထောက်အကူ ဖြစ်နိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)














