/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရောဂါရှာနည်း-ထူးထူးဆန်းဆန်းများ

ရောဂါရှာနည်း ထူးထူးဆန်းဆန်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ရောဂါဖြစ်ရတာ မလွယ်သလို ရောဂါရှာရတာလည်း သိပ်လွယ်နေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။  ဆရာဝန်၊ ဆရာမတွေဟာ တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးသလို ရောဂါရှာဖွေတဲ့ ခေတ်မီနည်းတွေကိုလည်း အသုံးချကြပါတယ်။ ထူးထူးဆန်းဆန်းလေးတွေအကြောင်း ဖတ်ကြည့်ရအောင်။

●        ခွေးကလေးတွေက ပိုင်ရှင် နေမကောင်းရင် သိကြပါသတဲ့။ ခွေးလေးတွေနဲ့ နီးနီးကပ်ကပ်နေသူတွေ နေမကောင်း ထိုင်မသာဖြစ်တဲ့အခါ ခွေးလေးတွေက ရောဂါကို အနံခံနိုင်ကြပါတယ်။ သူတို့ရဲ့ စူးရှတဲ့အာရုံနဲ့ သခင်အပေါ် ချစ်မြတ်နိုးတဲ့ စိတ်တွေကြောင့် မိသားစုဝင်တွေ နေမကောင်းတဲ့အခါ သူတို့ပါ တမှိုင်မှိုင် တတွေတွေ ဖြစ်နေတတ်ကြတာပဲပေါ့။

●        ဘီစီ ခြောက်ရာစုမှာ ဆူရှာထရာလို့ခေါ်တဲ့ ဆရာဝန်က ဆီးကို မြည်းစမ်းကြည့်တာအပြင် ပုရွက်ဆိတ်တွေ ဝိုင်းအုံလာတာကို ကြည့်ပြီး ပျားရည်ကဲ့သို ချိုသောဆီးဆိုပြီး ဆီးချိုကို စတင်နိမိတ်ဖော်ခဲ့ပါတယ်။

●        ဟိုးရှေးရှေးက အမျိုးသမီးတွေမှာ ကိုယ်ဝန် ရှိ၊ မရှိ သိဖို့က အတော်ခက်တဲ့ကိစ္စ ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ ဆီးထဲမှာ HCG လို့ခေါ်တဲ့ဓာတ်တစ်မျိုး ပါလာပါတယ်။ အဲဒီဆီးကို ယုန်မလေးတွေကို ထိုးသွင်းပြီး ယုန်မလေးရဲ့ သားဥအိမ် အပြောင်းအလဲတွေကို ကြည့်ပြီး ကိုယ်ဝန် ရှိ၊ မရှိ အဖြေထုတ်ခဲ့ကြတာပါ။ နောက်တစ်ဆင့်တက်ပြီး ဖားတွေကို ဆီးထိုးထည့်ပါတယ်။ ဟော်မုန်းကြောင့် ဖားမက ဥကြွေလာတာကိုကြည့်ပြီး ကိုယ်ဝန် ရှိ၊ မရှိ ဆက်လက်ဖော်ထုတ်ကြပါတယ်။

●        တီဗီဇာတ်လမ်းတွဲကြည့်နေရင်း တီဗီထဲမှာ လည်ပင်းအကျိတ်ဖြစ်တဲ့ ဇာတ်ဆောင်ကိုကြည့်ရင်း မိမိလည်ပင်းကို မတော်တဆ စမ်းမိတာကနေ လည်ချောင်းကင်ဆာကို ရှာဖွေဖော်ထုတ်နိုင်တဲ့ ဖြစ်ရပ်တွေ ရှိဖူးပါတယ်။ ကင်ဆာကို စောစောတွေ့ရှိတာကြောင့် ခွဲစိတ်ထုတ်လိုက်ပြီး ဆေးသွင်းကုသနိုင်ခဲ့ကာ အသက်ရှင်သွားတာ ဖြစ်ပါတယ်။

●        နားရွက်မှာပါတဲ့ ကန့်လန့်ဖြတ် တွန့်ကြောင်းလေးဟာ လေဖြတ်တာနဲ့ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ဖရန့်ဆိုင်းလို့ခေါ်တဲ့ လက္ခဏာလေးဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆက်စပ်နေပြီး ဘာကြောင့်လဲဆိုတာတော့ အတိအကျမပြောနိုင်ဘဲ ဆန်းကျယ်မှုတစ်ခုလို့သာ မှတ်သားခဲ့ရပါတယ်။

●        စာရေးဆရာမ မာဒေါ့ရဲ့ လက်ရာစာအုပ်တွေမှာ စကားလုံးလှလှတွေ တဖြည်းဖြည်း လျော့နည်းလာပါသတဲ့။ သီကုံးဖွဲ့နွဲ့ ရေးသားတတ်တဲ့ စာရေးဆရာမဟာ အယ်လဇိုင်းမားရောဂါကို ခံစားခဲ့ရပြီးနောက် သူမရဲ့စာမူတွေမှာ ခါတိုင်းလို ဝေါဟာရ မကြွယ်ဝတော့တာကို သတိပြုမိခဲ့ကြပါတယ်။

●        မိခင်တစ်ယောက်ဟာ ကလေးငယ်ကို နမ်းရှုံ့ရင်း အသားအရေမှာ ငန်တဲ့အရသာလေး ပါဝင်လာတာကို သိပြီးနောက် မွေးရာပါရောဂါတစ်ခုဖြစ်တဲ့ Cystic Fibrosis ရောဂါနဲ့ ကလေးဟာ မကြာခင် သေဆုံးခဲ့ပါတယ်။ ခန္ဓာကိုယ်က စစ်ထုတ်အရည်တွေကို ပြောင်းလဲစေတဲ့ ဒီရောဂါဟာ ချွေးကို သာမန်ထက်များတဲ့ အငန်ဓာတ် ပါဝင်လာစေပါတယ်။

●        ခင်ပွန်းသည်ဆီက ရွှံ့လိုမျိုး အနံ့တစ်ခုရပြီး မကြာခင်မှာပဲ သူမခင်ပွန်းမှာ ပါကင်ဆွန်ရောဂါ ခံစားရတာကို တွေ့ရှိခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။

●        ကလေးတွေကို ကင်မရာနဲ့ ဖျတ်ခနဲရိုက်ရင်း ဓာတ်ပုံထဲမှာ မျက်လုံးလေးတွေ  အဝါတောက်နေတဲ့အခါ မျက်လုံးမှာ စုပုံနေတဲ့ အဆီဓာတ်တွေကြောင့် မျက်စိကန်းသွားနိုင်တဲ့ရောဂါ ဖြစ်နေတတ်ပါတယ်။ အနီရောင် မဟုတ်ဘဲ မျက်သားဝါနေတာ၊ ဖြူနေတာတွေ ရှိခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ဖို့ လိုပါတယ်နော်။

●        ဆီးကျိတ်ကင်ဆာ ခံစားနေရတဲ့ အမျိုးသားတွေရဲ့ ဆီးကို စစ်ကြည့်တဲ့အခါ အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့အခါ တွေ့ရတဲ့ဓာတ်တစ်မျိုး ပါဝင်နေပါသတဲ့။ ဒါကြောင့် အမျိုးသားတွေ ဆီးစစ်ကြည့်လို့ နှစ်ကြောင်းပေါ်ရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တာကို သတိမူသင့်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)