/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လည်ပင်း-အကြောလျှော့ကြမယ်

လည်ပင်း အကြောလျှော့ကြမယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကွန်ပျူတာခုံမှာ တစ်နေကုန် ထိုင်နေရခြင်း၊ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ ပုံစံမမှန်ခြင်းတို့ကြောင့် အကြောတက်ပြီး လည်ပင်းနာခြင်း၊ ခါးနာခြင်းတို့ ဖြစ်တတ်ကြပါတယ်။ ဒီလို နာတာ၊ ကျင်တာကို သက်သာစေနိုင်ဖို့ အကြောလျှော့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ 5 မိနစ်လောက် ကွန်ပျူတာရှေ့က ခဏနားတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

1.       ပထမဆုံး လေ့ကျင့်ခန်းကတော့ အိပ်ရာမှာ ကျောခင်းလှဲလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ လုပ်နိုင်ပါတယ်။ ခေါင်းကို အလယ်တည့်တည့်မှာ ထားပြီး မေးနဲ့ရင်ဘတ် ကပ်သည်အထိ ငုံ့လိုက်ပါ။ တင်းသွားတဲ့ အနေလောက်မှာ စက္ကန့် 20 ခန့်ထားပြီး ခေါင်းပြန်ထူပါ။ ဒီလိုမျိုး 4 ကြိမ်ခန့် ပြုလုပ်ပေးပါ။

2.       ထို့အတူပဲ ထိုင်လျက် ခေါင်းကို တည့်တည့်ထားရာကနေ အပေါ်ကိုမော့လိုက်ပါ။ တင်းသွားတဲ့ အနေအထားမှာ စက္ကန့် 20 ခန့်ထားပြီး နဂိုမူလ အနေအထားကို ပြန်ထားပါ။ 4 ကြိမ်ခန့် ပြုလုပ်ပေးပါ။

3.       ခေါင်းကို တည့်တည့်ထားရာကနေ ဘယ်ဘက်ကို လှည့်လိုက်ပါ။ အတင်းဆုံးဖြစ်တဲ့ အနေအထားမှာ စက္ကန့် 20 ခန့်ထားပြီးမှ ရှေ့ကို ပြန်လှည့်ပါ။ 4 ကြိမ်ခန့် ပြုလုပ်ပါ။ ထိုနည်းအတိုင်းပဲ ညာဘက်ကိုလည်း 4 ကြိမ်ခန့် ပြုလုပ်ပေးပါ။

4.       နားရွက်နဲ့ ပုခုံးနဲ့ ထိမိလောက်အောင် ခေါင်းကို ဘယ်ဘက်စောင်းပြီး အတင်းဆုံး အနေအထားမှာ စက္ကန့် 20 ခန့်ထားပါ။ 4 ကြိမ်ခန့် ပြုလုပ်ပြီး ညာဘက်ကိုလည်း ထိုနည်းလည်းကောင်း 4 ကြိမ်ခန့် ပြုလုပ်ပေးပါ။

5.       နောက်တစ်နည်းကတော့ အခန်းထောင့်မှာ ပြုလုပ်ရမှာပါ။ ထောင့်နံရံနဲ့ 2 ပေခန့်အကွာမှာ ရပ်လိုက်ပါ။ ခြေစုံရပ်လိုက်ပြီး လက်ဆန့်ကာ နံရံကိုမှီနိုင်သလောက် ရအောင်လှမ်းပါ။ နာလာပြီဆိုတာနဲ့ ရပ်လိုက်ပြီး စက္ကန့် 30 - 1 မိနစ်ခန့် တောင့်ခံထားပါ။ ဒီလိုမျိုး တစ်နေ့ 3 ကြိမ်မှ 5 ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

6.       မေးကို တင်းနိုင်သမျှ ရှေ့ထုတ်ပြီး 5 စက္ကန့်ခန့်နေပါ။ နဂိုမူလပုံစံကို ပြန်ထားပြီး မေးကို အတွင်းသို့ ရနိုင်သမျှ သွင်းပြီး 5 စက္ကန့်ခန့် ထားပါ။ ဒီလို 5 ကြိမ်ခန့် ပြုလုပ်ပေးပါ။

          ဒီအကြောလျှော့ လေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ အရေးအကြီးဆုံးက အနာတရ မရစေဘဲ နည်းမှန်လမ်းမှန် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ လည်ပင်းနဲ့ ခါးနေရာတွေဟာ အထိမခံတဲ့နေရာတွေ ဖြစ်တဲ့အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေစဉ် နာကျင်လာပါက ချက်ချင်းရပ်လိုက်ပြီး လေ့ကျင့်ခန်းကို လျှော့ပြီး လုပ်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)