လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာမဟုတ်ပါ
လိပ်ခေါင်းရောဂါဆိုတာ ကျား၊ မ မရွေး အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ အသက်ကြီးရင် ပိုအဖြစ်များတတ်ပါတယ်။ အသက် ၄၅ နှစ်နဲ့ ၆၅ နှစ်ကြားဟာ လိပ်ခေါင်းရောဂါ အဖြစ်အများဆုံး အသက်အရွယ်ပါ။ ဒီလိုပြောလိုက်လို့ လူငယ်တွေနဲ့ ကလေးတွေမှာ မဖြစ်နိုင်ဘူးလို့တော့ မယူဆသင့်ပါဘူး။ လိပ်ခေါင်းရောဂါဆိုတာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။
လိပ်ခေါင်းရောဂါဆိုတာ အစာဟောင်းအိမ်အောက်ပိုင်းနဲ့ စအိုတစ်လျှောက်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းလာခြင်းကို ခေါ်တာပါ။ အတွင်းလိပ်နဲ့ အပြင်လိပ်ဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ အစာဟောင်းအိမ်ထဲမှာဖြစ်ရင် အတွင်းလိပ်လို့ခေါ်ပြီး စအိုဝပတ်ပတ်လည်မှာဖြစ်ရင်တော့ အပြင်လိပ်လို့ ခေါ်ပါတယ်။
ဘယ်သူတွေမှာ လိပ်ခေါင်းရောဂါ ဖြစ်နိုင်ချေရှိသလဲ?
လိပ်ခေါင်းရောဂါဖြစ်နိုင်ချေကို ပိုမြင့်တက်စေတဲ့အရာတွေကတော့ -
● ကိုယ်ဝန်ဆောင်ခြင်း
● အသက်ကြီးလာခြင်း
● နာတာရှည် ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း
● အထိုင်များခြင်း (အထူးသဖြင့် ဘိုထိုင်အိမ်သာအသုံးပြုပြီး ဝမ်းသွားရာတွင် အချိန်ကြာကြာနေခြင်း)
● အလေးအပင်များကို ထပ်ခါထပ်ခါ မ,ရခြင်း
● စအိုမှတစ်ဆင့် လိင်ဆက်ဆံခြင်း
● အဝလွန်ခြင်း
● မျိုးရိုးထဲတွင် လိပ်ခေါင်းရောဂါဖြစ်ဖူးသူရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Daflon IA 1

လိပ်ခေါင်းရောဂါရှိရင် နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်သလား?
လိပ်ခေါင်းရောဂါရှိပြီဆိုရင် ဝမ်းသွားသွေးပါခြင်း၊ စအိုနားတစ်ဝိုက် ယားယံခြင်း၊ ရောင်ရမ်းနာကျင်ခြင်း၊ စအိုဝမှာ အလုံးစမ်းမိခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဟာ မနှစ်မြို့ဖွယ်ကောင်းပေမယ့် များသောအားဖြင့် စိုးရိမ်စရာမလိုပါဘူး။ ဒါပေမဲ့ ရောဂါတို့ရဲ့ထုံးစံအတိုင်း သေချာကုသမှုမခံယူခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ -
၁။ ဖြစ်တဲ့နေရာဆီ သွေးမရောက်ခြင်း
လိပ်ခေါင်းဆီကို သွေးမရောက်တဲ့အခါ မခံမရပ်နိုင်အောင် နာကျင်မှုကို ခံစားရပါလိမ့်မယ်။
၂။ သွေးအားနည်းခြင်း
ဝမ်းသွားတိုင်း သွေးပါနေတာဟာ အချိန်ကြာလာတဲ့အခါ သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
၃။ သွေးခဲခြင်း
ဖောင်းနေတဲ့ သွေးပြန်ကြောထဲက သွေးတွေဟာ အချိန်ကြာလာရင် အနည်ထိုင်ပြီးတော့ သွေးခဲဖြစ်တတ်ပါတယ်။ သွေးခဲဖြစ်ပြီဆိုရင်တော့ စအိုနားတစ်ဝိုက် ရောင်ရမ်းနာကျင်တာကို ခံစားရမှာပါ။
Daflon IA 2

လိပ်ခေါင်းရောဂါရှိရင် ဘယ်လိုကုသမှု ခံယူသင့်သလဲ?
နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတဲ့ ရောဂါလက္ခဏာကို သက်သာစေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပါ။ Diosmin နဲ့ Hesperidin ပါဝင်တဲ့ ဆေးဝါးတွေ (ဥပမာ - Daflon) က လိပ်ခေါင်းရောဂါရဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။ Hydrocortisone ပါဝင်တဲ့ အနာသက်သာစေတဲ့ လိမ်းဆေးတွေလည်း လိမ်းလို့ရပါတယ်။ ရေနွေးနွေးထဲမှာ ထိုင်ပေးတာ၊ ရေခဲကပ်တာကလည်း လိပ်ခေါင်းကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။
လိပ်ခေါင်းကို ဖယ်ရှားဖို့ဆိုရင်တော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမနည်းလမ်းကတော့ ခွဲစိတ်စရာမလိုတဲ့နည်းပါ။ သားရေကွင်းပစ်ခြင်းလို့ အလွယ်ခေါ်တဲ့ Rubber band ligation နည်းလမ်းပါ။ လိပ်ခေါင်းရဲ့အခြေမှာ ဒီကုသမှုအတွက် အထူးထုတ်လုပ်ထားတဲ့ သားရေကွင်းတစ်မျိုးကို ထားလိုက်ပြီး သွေးအထောက်အပံ့မရအောင် ဖြတ်ပစ်လိုက်တဲ့ နည်းလမ်းပါ။ သွေးမရတော့လို့ လိပ်ခေါင်းက ရှုံ့ပြီး ကြွေကျသွားပါလိမ့်မယ်။
အလားတူနည်းလမ်းနောက်တစ်ခုကတော့ Sclerotherapy လို့ခေါ်ပါတယ်။ ဒါကတော့ သားရေကွင်းအစား ဓာတုပစ္စည်းတစ်မျိုးကိုသုံးပြီး သွေးအထောက်အပံ့ကို ဖြတ်ပစ်တာပါ။ ဒုတိယနည်းလမ်းကတော့ Haemorrhoidectomy လို့ခေါ်တဲ့ လိပ်ခေါင်းကို လုံးဝဖြတ်ထုတ်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
တကယ်တော့ လိပ်ခေါင်းရောဂါဆိုတာ မိမိတစ်ဦးတစ်ယောက်တည်းမှာမှ ဖြစ်တတ်တာမဟုတ်ဘဲ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်နိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒါကို လိပ်ခေါင်းရှိတာ ရှက်လို့ဆိုပြီး ဆေးမြီးတိုတွေနဲ့ ကြိတ်မှိတ်ကုနေမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် ကျွမ်းကျင်သူနဲ့ ပြသပြီး စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)
















