လိပ်ခေါင်းရောဂါ ကာကွယ်ကုသဖို့ ...
ထိုင်မရ၊ ထမရ ဒုက္ခရောက်တဲ့့ ပြဿနာတစ်ခုကတော့ လိပ်ခေါင်းပါပဲ။ ဒီလို စိတ်ညစ်စရာကောင်းတဲ့ လိပ်ခေါင်းကို ဘယ်လိုကာကွယ်ကြမလဲ? ဘယ်လိုကုသနိုင်မလဲ?
လူတိုင်း၊ အသက်အရွယ်မရွေး လိပ်ခေါင်း ဖြစ်နိုင်ပါတယ်။ လိပ်ခေါင်းဆိုတာ စအိုတစ်ဝိုက်၊ ဝမ်းအိမ်တစ်ဝိုက်မှာ သွေးကြောတွေရောင်ရမ်းပြီး ယားယံ၊ ပူစပ်၊ နာကျင်ပြီး သွေးတွေထွက်စေတဲ့ ရောဂါတစ်မျိုးပါပဲ။
ဒီလို လိပ်ခေါင်းကို ကာကွယ်ကုသဖို့ ...
၁။ အမျှင်များများ စားပါ။
လိပ်ခေါင်းဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းချုပ်တတ်တယ်ဆိုရင် ရေများများသောက်ပြီး အမျှင်များများ စားပေးပါ။ လိုအပ်ရင် အမျှင်ဓာတ် အားဆေးဓာတ်စာတွေ သောက်ပေးဖို့ လိုပါတယ်။
၂။ လှုပ်လှုပ်ရှားရှားနေပါ။
အူလမ်းကြောင်း လှုပ်ရှားမှုကောင်းစေဖို့အပြင် ကိုယ်အလေးချိန်ပါ ကျစေဖို့ မှန်မှန်လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။
၃။ ၀မ်းသွားချင်တဲ့အခါ မအောင့်ထားပါနဲ့။
ဝမ်းသွားချင်စိတ် ဖြစ်လာပြီဆိုတာနဲ့ အိမ်သာသွားပေးပါ။ အတင်းညှစ်တာနဲ့ အိမ်သာထဲ အကြာကြီး ထိုင်ခြင်းတွေဟာ ဝမ်းအိမ်ကြွက်သားတွေကို လျော့ရဲစေပြီး သွေးပြန်ကြောထဲသွေးတွေကို စုဝေးလာစေပါတယ်။
၄။ သေချာဆေးကြောပါ။
စအိုနားတစ်ဝိုက်ကို အဝတ်၊ အိမ်သာစက္ကူစိုစို ဒါမှမဟုတ် တစ်ခါသုံး တစ်ရှူးစိုတွေနဲ့ သုတ်သင်ပေးပါ။
၅။ အအေးကပ်ပေးပါ။
ဂွမ်းစ ဒါမှမဟုတ် အဝတ်စကို ရေအေးအေးထဲ စွတ်ပြီးတော့ ၁၀ မိနစ်လောက် စအိုနားတစ်ဝိုက်မှာ ကပ်ပေးပါ။ တစ်နေ့ကို ၃ ကြိမ်၊ ၄ ကြိမ်လောက် ကပ်ပေးနိုင်ပါတယ်။
၆။ ဆားရည်ထိုင်ပေးပါ။
ရေနွေးနွေးလေးထဲ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ရေစိမ် ထိုင်ပေးခြင်းဟာ နာတာ၊ ကျင်တာကို သက်သာစေနိုင်ပါတယ်။ သတ္တိရှိရင် ရေအေးအေးနဲ့ စိမ်ပေးလို့လည်း ရတယ်နော်။ ရေအေးက ထုံစေတဲ့အပြင် သွေးကြောတွေကို ကျဉ်းစေတဲ့အစွမ်း ရှိတာကြောင့် သွေးကြောလည်ပတ်မှုကို အားကောင်းစေနိုင်ပါတယ်။
၇။ အလေးအပင် မ,မပါနဲ့။
ဈေးခြင်းတောင်း အလေးကြီးတွေ၊ စက္ကူဗုံးတွေနဲ့ စာရွက်စာတမ်း အလေးကြီးတွေကို ဖြစ်နိုင်ရင် မ,မပါနဲ့။ စအိုနားတစ်ဝိုက်ကို ဖိအားသက်ရောက်စေနိုင်လို့ပါ။ တွန်းစရာ၊ ညှစ်စရာမရှိရင် လေ့ကျင့်ခန်းတော့ လုပ်လို့ရပါတယ်။
၈။ လိမ်းဆေး လိမ်းပေးပါ။
နာတာ ကျင်တာ၊ ပူစပ်တာတွေကို သက်သာစေနိုင်တဲ့ ခရင်မ်၊ အဆီ၊ ဂျယ်လ်စတဲ့ လိမ်းဆေးတွေ လိမ်းပေးခြင်းက ရောင်ရမ်းခြင်းကို သက်သာ လျှော့ချပေးနိုင်ပါတယ်။
>> ဆရာဝန်နဲ့ ဘယ်အချိန်မှာ ပြသင့်သလဲ?
● အပေါ်က နည်းလမ်းတွေနဲ့ မသက်သာဘဲ ၇ ရက်လောက် ကြာလာပြီ။
● အရမ်းနာတာ၊ သွေးတွေ အများကြီး ထွက်လာတာမျိုး ရှိလာပြီ။
● အိမ်သာသွားချိန် မဟုတ်တာတောင် သွေးတွေ ထွက်နေပြီ။
● အသက် ၁၂ နှစ်အောက်ကလေးမှာ လိပ်ခေါင်းဖြစ်နေပြီ ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါတယ်နော်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















