/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လူငယ်တွေမှာဖြစ်လေ့ရှိတဲ့-ကင်ဆာများ

လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ ကင်ဆာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ကင်ဆာဆိုရင် အသက်ကြီးမှဖြစ်ရမယ်လို့ မဟုတ်ပါဘူး။ ကင်ဆာအများစုဟာ အသက်ကြီးမှ ဖြစ်တတ်ကြပေမယ့် အချို့ကင်ဆာတွေကတော့ ငယ်ငယ်ရွယ်ရွယ်မှာလဲ ဖြစ်ပွားတတ်ပါတယ်။ ခန္ဓာကိုယ်ထဲကဆဲလ်တွေ ထိန်းမနိုင်သိမ်းမရ ကြီးထွားလာတဲ့အခါ ကင်ဆာထဖြစ်တော့တာပါပဲ။ ခန္ဓာကိုယ် ဘယ်နေရာမှာမဆို ကင်ဆာဖြစ်လာနိုင်ပါတယ်။

>>    လူငယ်တွေမှာ ဖြစ်တတ်တဲ့ကင်ဆာ -
    အသက် ၂ဝ နဲ့ ၃၉ ကြား ဖြစ်တတ်တဲ့ကင်ဆာတွေကို လူငယ်ကင်ဆာလို့ ဆိုနိုင်ပါတယ်။
    လူငယ်တွေမှာ ကင်ဆာအဖြစ်နည်းတယ်ဆိုပေမယ့် ဒီအသက်အရွယ်အပိုင်းအခြားအတွင်းမှာ ဖြစ်နိုင်တဲ့ကင်ဆာတွေ အများကြီးရှိပါတယ်။
    ကင်ဆာအများစုဟာ လူကြီးတွေမှာဖြစ်တာ များပါတယ်။ လူကြီးတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေကတော့ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ (အမျိုးသမီးတွေမှာ) ရင်သားကင်ဆာ၊ (အမျိုးသားတွေမှာ) ဆီးကျိတ်ကင်ဆာ စတာတွေပါပဲ။ လူကြီးတွေမှာဖြစ်လေ့ရှိတဲ့ ကင်ဆာတွေဟာ လူနေမှုပုံစံတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ လှုပ်ရှားမှုမရှိတာ စတာတွေနဲ့ တခြားဘေးပတ်ဝန်းကျင် လှုံ့ဆော်မှုတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ အနည်းစုကတော့ မိဘတွေဆီကနေ ဆက်ခံရရှိတဲ့ မျိုးရိုးဗီဇအပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။
    ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာဖြစ်တဲ့ ကင်ဆာတွေဟာ လူကြီးတွေထက်စာရင် အဖြစ်နည်းပါတယ်။ ပြီးတော့ လူကြီးတွေမှာဖြစ်တဲ့ ကင်ဆာမျိုးနဲ့လည်း မတူပါဘူး။ ကလေးကင်ဆာမှာ အဓိကက အစောပိုင်းကာလတွေမှာ မျိုးရိုးဗီဇအပြောင်းအလဲဖြစ်သွားလို့ ဖြစ်တတ်ပါတယ်။ လူကြီးကင်ဆာတွေနဲ့ မတူတဲ့တစ်ခုက လူနေမှုပုံစံတွေ၊ ပတ်ဝန်းကျင်တွေနဲ့ မသက်ဆိုင်ပါဘူး။

>>    လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ ကင်ဆာတွေကတော့ -
●    ရင်သားကင်ဆာ
●    လင့်ကျိတ်ကင်ဆာ
●    မယ်လနင်ဆဲလ်ကင်ဆာ
●    ကြွက်သားတွေ၊ အရိုးတွေစတဲ့ အမျိုးအစားတွေမှာ ဖြစ်တတ်တဲ့ကင်ဆာ sarcoma    
●    သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ
●    သိုင်းရွိုက်ကင်ဆာ
●    ဝှေးစေ့ကင်ဆာ
●    အူမကြီးကင်ဆာ
●    သွေးကင်ဆာ
●    ဦးနှောက်နဲ့ အာရုံကြောမကြီးကင်ဆာ စသည်တို့ ဖြစ်ပါတယ်။
    သွေးဖြူဥကင်ဆာတို့၊ လင့်ကျိတ်ကင်ဆာတို့ဟာ အသက် ၂၅ နှစ်မတိုင်ခင်မှာ အဖြစ်များပြီး ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ အူမကြီးကင်ဆာတွေကတော့ အသက် ၂၅ နှစ်နောက်ပိုင်းမှာ ပိုအဖြစ်များပါတယ်။

၁။    ရင်သားကင်ဆာ
    ရင်သားကင်ဆာဟာ အသက် ၃ဝ ကျော်မှာ အဖြစ်များပေမယ့် အသက်ငယ်တဲ့လူတွေမှာဖြစ်ခဲ့ရင် အခြေအနေ ပိုကောင်းလေ့ ရှိပါတယ်။
    များသောအားဖြင့် ရင်သားမှာ အကျိတ်ပေါ်လာတယ်၊ မာမာခဲခဲကြီးဖြစ်နေပြီး မနာဘူး။ တချို့ကင်ဆာတွေကတော့ ချွင်းချက်အနေနဲ့ ပျော့ပျော့လေးဖြစ်ပြီး နာတာမျိုးလည်း ရှိတတ်ပါတယ်။ အမျိုးသမီးငယ်တွေမှာ အကျိတ်ဖြစ်ရင် ရိုးရိုးအကျိတ်ဖြစ်တာ များပေမယ့် ကင်ဆာလည်းဖြစ်နိုင်တာမို့ မပေါ့ပါနဲ့။ နောက်ထပ်လက္ခဏာတွေကတော့ ရင်သား နာတာ၊ ရောင်တာ၊ ရင်သားအ‌ရေပြား ထူလာတာ၊ နို့သီးခေါင်း ပြောင်းလဲလာတာ၊ နို့သီးခေါင်းက နို့မဟုတ်တဲ့အရည်တွေ ထွက်နေတာတွေ ဖြစ်တတ်ပါတယ်။

၂။    လင့်ကျိတ်ကင်ဆာ
    Lymphocyte လို့ခေါ်တဲ့ ခုခံအားဆဲလ်တစ်မျိုးကနေ စဖြစ်တာဖြစ်ပြီး လင့်ကျိတ်တွေ၊ အာသီးတို့၊ သိုင်းမတ်တို့လိုမျိုး လင့်တစ်သျှူးတွေမှာ ဖြစ်တတ်ပါတယ်။
    ကင်ဆာဖြစ်တဲ့နေရာပေါ် မူတည်ပြီး လက္ခဏာတွေ မတူတတ်ပါဘူး။ များသောအားဖြင့် ကိုယ်အလေးချိန် ကျလာတာ၊ ဖျားတာ၊ ချွေးထွက်တာ၊ ပင်ပန်းနေတာ၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတွေမှာ အကျိတ်တွေ စမ်းမိတာမျိုး ဖြစ်တတ်ပါတယ်။
    လင့်ကျိတ်ကင်ဆာနှစ်မျိုးကတော့ -
●    Hodgkin lymphoma
●    Non-hodgkin lymphoma တို့ပါ။
    Hodgkin lymphoma ကတော့ ပိုဖြစ်တတ်တဲ့ အမျိုးအစားပေါ့။ အသက် ၁၅ ကနေ ၄၀ အတွင်းရယ်၊ အသက် ၅၅ နောက်ပိုင်းရယ်မှာ ဖြစ်တတ်ပါတယ်။
    Non-hodgkin lymphomaကတော့ လူငယ်တွေမှာထက် အသက်ကြီးလေလေ ပိုဖြစ်များလေလေပါပဲ။ လူငယ်တွေမှာ ဖြစ်တတ်တဲ့ တချို့အမျိုးအစားတွေကတော့ အရမ်းပွားလွယ်ပြီးတော့ ပြင်းထန်တဲ့ကုသမှုတွေ လိုအပ်ပါတယ်။

၃။    မယ်လနင်ဆဲလ်ကင်ဆာ
    အရေပြားကင်ဆာတစ်မျိုးပါ။ အသက် ၃ဝ အောက်ကင်ဆာတွေထဲ အဖြစ်များတဲ့ကင်ဆာတစ်မျိုးပါပဲ။ မိသားစုရာဇဝင် ရှိနိုင်ပါတယ်။
    အဓိကစောင့်ကြည့်ရမှာက အရေပြားပေါ်မှာ အမည်းစက်ပေါ်လာတာ၊ ရှိပြီးသား အမည်းစက် ကြီးလာတာ၊ အရောင်ပြောင်းလာတာ၊ ပုံသဏ္ဌာန်ပြောင်းလဲလာတာ စတာတွေပေါ့။ စောစောသိ စောစောကုရင် ကုရ အင်မတန်လွယ်ပါတယ်။ မကုဘဲထားမိရင်တော့ အလျင်အမြန် ပျံ့နှံ့တတ်ပြီး ကုရ ပိုခက်ခဲသွားတတ်ပါတယ်။

၄။    ကြွက်သား၊ အရိုးကင်ဆာ sarcoma
    ကြွက်သား၊ အရိုး၊ အဆီဆဲလ်တွေမှာ ဖြစ်တတ်တဲ့ ကင်ဆာမျိုးကို sarcoma လို့ ခေါ်ပါတယ်။ အရွယ်မရွေး ဖြစ်နိုင်ပေမယ့် တချို့အမျိုးအစားတွေက လူငယ်တွေမှာ ပိုတွေ့ရလေ့ရှိပါတယ်။
    ကြွက်သား၊ အဆီ၊ သွေးကြောနဲ့ တစ်သျှူးတွေမှာ ဖြစ်တတ်တဲ့ sarcomaဟာ များသောအားဖြင့် လက်တွေ၊ ခြေထောက်တွေမှာ အဖြစ်များပါတယ်။ အရိုးတွယ်ကြွက်သားတွေမှာဖြစ်တဲ့ rhabdomyosarcoma ဟာ အသက် ၁ဝ နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တခြားအမျိုးအစားတွေကတော့ အသက်ကြီးလေလေ ပိုဖြစ်လေလေပါပဲ။
    အရိုး sarcoma ဟာလည်း လူငယ်တွေမှာ အဖြစ်များပြီး အရိုး နာကျင်ကိုက်ခဲပြီး လာတတ်ပါတယ်။ ညဘက်တွေနဲ့ လှုပ်ရှားလုပ်ကိုင်ပြီးချိန်တွေမှာ ပိုဆိုးတတ်ပါတယ်။

၅။    သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ
    သားအိမ်ခေါင်းကင်ဆာဟာ အသက် ၅ဝ ကျော်မှာ အဖြစ်များပြီး ၂ဝ အောက်မှာဖြစ်တာ အင်မတန်နည်းပါတယ်။ စောစောသိ စောစောကုနိုင်ရင် အင်မတန်ကောင်းတဲ့ ကင်ဆာအမျိုးအစားထဲ ပါပါတယ်။ ကြွက်နို့ပိုးကာကွယ်ဆေးထိုးထားရင်လည်း ကာကွယ်နိုင်တဲ့ကင်ဆာမျိုးပေါ့။ အဓိကကတော့ မိန်းမကိုယ်ကနေ သွေးဆင်းတာနဲ့ လာတတ်ပါတယ်။
    သားဥအိမ်ကင်ဆာကတော့ ယေဘုယျအသက်ကြီးသူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် မျိုးရိုးဗီဇ ဆဲလ်မှာဖြစ်တဲ့ germ cell tumour ဆိုတဲ့ အမျိုးအစားတစ်မျိုးကတော့ လူငယ်တွေမှာ ပိုဖြစ်တတ်တာပါ။ နည်းနည်းစားတာနဲ့ ဗိုက်ပြည့်နေတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်နေတာ စတဲ့ လက္ခဏာမျိုးနဲ့ လာနိုင်ပါတယ်။

၆။    သိုင်းရွိုက်ကင်ဆာ
    သိုင်းရွိုက်ကင်ဆာဖြစ်နိုင်ခြေဟာ အသက်ကြီးလေလေ ပိုဆိုးလေပေမယ့် အသက်ငယ်သူတွေမှာလည်း တွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
    လည်ပင်းရှေ့မှာ အကျိတ်ပေါ်လာတတ်ပါတယ်။ အကျိတ်တွေ့တိုင်းတော့ ကင်ဆာမဟုတ်ဘူးပေါ့။ သေချာအောင် စစ်ဆေးကြည့်ဖို့တော့ လိုပါတယ်။ တခြားလက္ခဏာတွေအနေနဲ့ လည်ပင်းနာတာ၊ အသက်ရှူကြပ်တာ၊ မျိုချရခက်တာ၊ အသံပြောင်းလဲတာတွေနဲ့ လာတတ်ပါတယ်။

၇။    ဝှေးစေ့ကင်ဆာ
    ဖြစ်ပွားသူတစ်ဝက်လောက်ဟာ အသက် ၂ဝ နဲ့ ၃၅ ကြားမှာဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။
    ဝှေးစေ့မှာအကျိတ်ကြီးဖြစ်လာပြီး ရောင်လာတာ၊ ကြီးလာတာမျိုးြ ဖစ်တတ်ပါတယ်။ များ‌သောအားဖြင့်‌တော့ မနာတတ်ပေမယ့် တချို့အကျိတ်တွေက နာတတ်ပါတယ်။

၈။    အူမကြီးကင်ဆာ
    အသက်ကြီးသူတွေမှာ အဖြစ်များပေမယ့် မျိုးရိုးဗီဇမှာပါနေရင် လူငယ်တွေလည်း ဖြစ်နိုင်ပါတယ်။
    စအိုက သွေးဆင်းတာ၊ ဝမ်းမည်းမည်းသွားတာ၊ ဝမ်းသွားတာ ပြောင်းလဲလာတာ၊ ဗိုက်နာတာ၊ အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။

၉။    သွေးကင်ဆာ
    ကလေးတွေမှာ အဖြစ်များတဲ့ကင်ဆာတစ်မျိုးဖြစ်ပြီး အရွယ်မရွေး ဖြစ်နိုင်ပါတယ်။
    လူငယ်တွေမှာဖြစ်လေ့ရှိတဲ့ သွေးကင်ဆာမျိုးဟာ ရုတ်တရက်ဖြစ်ပြီး အလျင်အမြန် တိုးပွားတတ်တဲ့ ALL, AML စတဲ့ ကင်ဆာမျိုး ဖြစ်လေ့ရှိပါတယ်။ အသက် ၃ဝ နဲ့အထက်မှာတော့ နာတာရှည်သွေးကင်ဆာ CML အဖြစ်များပါတယ်။
    အရိုးအဆစ်တွေ နာကျင်တာ၊ ပင်ပန်းနေတာ၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်နေတာ၊ သွေးတွေထွက်၊ သွေးခြေတွေဥတာ၊ ဖျားတာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၁၀။    ဦးနှောက်နဲ့ အာရုံကြောမကြီးကင်ဆာ
    အမျိုးအစားအများကြီးရှိပြီး တစ်မျိုးနဲ့တစ်မျိုး တေယ်တော် ကွဲပြားခြားနားပါတယ်။ ကလေးတွေမှာ ဦးနှောက်အောက်ပိုင်း cerebellum လို့ခေါ်တဲ့ ကိုယ်ဟန်လှုပ်ရှားမှု အသေးစိတ်ကို ထိန်းချုပ်တဲ့နေရာနဲ့ brain stem လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောမကြီးကို ဆက်သွယ်ထားတဲ့နေရာတွေမှာ ဖြစ်လေ့ရှိပါတယ်။
    ဦးနှောက်ကင်ဆာကြောင့် ခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊ အမြင်ဝေဝါး၊ နှစ်ထပ်မြင်၊ မူးဝေ၊ တက်၊ လမ်‌းလျှောက်မရ၊ ကိုင်တွယ်မရ စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)